အရင်ကတည်းက​ရော ခုထိ လူ​တွေရဲ့ အုပ်စုဖွဲ့ခြင်း​တွေရဲ့ ​နောက်မှာ အုပ်စုဝင်ဖြစ်​ရေးက စကား​ပြောလာတယ်။ အုပ်စုတစုမှာ အုပ်စုဝင်ဖြစ်ဖို့ရာက အဲ့ဒီအုပ်စုနဲ့ ကိုယ်နဲ့ ကိုက်ညီမှုရှိရမယ်။ ဒီ​တော့ သူတို့နဲ့အတူ လိုက်​လျောညီ​ထွေဖြစ်​အောင် ကြိုးစားရတယ်။ မိမိရဲ့ ပင်ကိုယ်ဖြစ်တည်မှုဟာ အဲ့ဒီမှာ ကိုယ်တိုင်ရဲ့ ဖိနှိပ်လိုက်မှု​ကြောင့်ပဲ ​ပျောက်ဆုံးသွားတယ်။ အုပ်စုဝင်ဖြစ်လို​တဲ့အတွက် ဖိနှိပ်မှုနဲ့ မိမိပင်ကိုယ်ဖြစ်တည်မှုတို့ကြားမှာ ပဋိပက္ခ​တွေ ဖြစ်လာတယ်။ ဒီအတွင်းပိုင်းပဋိပက္ခ​တွေကို သတိမပြုမိတဲ့အခါ မိမိထက် အားနည်းသူကို လွှဲချခြင်း​တွေ ဖြစ်လာတယ်။

မီး​မောင်းထိုး လွှဲချခြင်း​တွေက အုပ်စုတွင်း အကြမ်းဖက်မှုကစလို့ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နိုင်တယ်။ ဒီလိုလွှဲချခြင်း​တွေက ကွဲပြားမှုကို အ​ရေးပါတဲ့ အရှိတရားအဖြစ်​မြင်​စေပြီး အမုန်းတရားကို ဖြစ်​စေတယ်။ အမုန်းတရားနဲ့ လွှဲချခြင်းဟာ ကြက်ဥနဲ့ကြက်မလို သံသရာ ​ကျော့ရင်းနဲ့ ​ကျော့ပါများ​လေ ကွဲပြားမှု​တွေကို ပိုမြင်​လေ ဖြစ်လာပြီး ​နောက်ဆုံးမှာ​တော့ တဖက်နဲ့တဖက် သံသယလွန်ကဲမှု​တွေ ဖြစ်လာတယ်။

လူ့အုပ်စုတစုစီမှာ အတ္တဆိုတာ သိသိသာသာရှိတဲ့ လူသားဆိုတဲ့ သတ္တဝါတ​ယောက်စီ ပါဝင်တယ်။ ဒီ​တော့ လူ့အုပ်စုတစု​တွေဟာ အတ္တဗဟိုပြုလူ့အုပ်စု​တွေ ဖြစ်လာတယ်။ အုပ်စုဝင်​တွေကလည်း အုပ်စုဝင်အဖြစ် တည်မြဲ​ရေးအတွက် မိမိပင်ကိုယ်ဖြစ်တည်မှုကို ဖိနှိပ်လာရပြီး အများအလိုကျ လိုက်လာရတယ်။ ​အများအလိုကျဖြစ်လာတဲ့အတွက် ပင်ကိုယ်မူ​တွေ ​ပျောက်ဆုံးကုန်ပြီး တဦးချင်းဆိုင်ရာ အမှန်တရား​တွေဟာ မျက်ကွယ်အပြုခံလာရတယ်။ ဒါ​ပေမဲ့ မသိမသာဆိုသလို ​ကျေ​ကျေနပ်နပ်ကြီး ကိုယ်တိုင် မျက်ကွယ်ပြုလိုက်တာ​တွေ​တောင်ရှိတယ်။

အတ္တဗဟိုပြု လူ့အုပ်စု​တွေဟာ တဖက်အုပ်စု​တွေနဲ့ ​တွေ့တဲ့အခါ တဖက်အုပ်စုက အားနည်း​နေရင် လွှမ်းမိုးလိုတဲ့ သဘာဝရှိတယ်။ ​အင်အားသုံးလွှမ်းမိုးကြတာမျိုး​​တွေရှိလာတယ်။ အ​ကြောင်းပြချက်အ​နေနဲ့က​တော့ အထက်က ဆိုခဲ့သလို သံသယလွန်ကဲခြင်း​ကြောင့်ပဲ။ ဒီသံသယလွန်ကဲခြင်းဆိုတဲ့ ​လောင်စာက အမုန်းတရားကို အား​ကောင်း​လာစေပြီး အားစိုက်ထုတ်မှု​တွေ ဖြစ်လာ​စေတယ်။ အများသ​ဘောဆိုတဲ့ စကားရဲ့ ​နောက်မှာ တဦးချင်း လွတ်လပ်မှု​တွေ ပင်ကိုယ်မူ​တွေ ​ပျောက်ဆုံးသွားပြီး အုပ်စုရဲ့ အာဏာ​နောက်ကို ​ကောက်​ကောက်ပါ​အောင်လိုက်တဲ့ ကိုယ်တိုင်ကလည်း အားနည်းသူကို အနိုင်ယူလိုတဲ့ အာဏာရှင်စစ်စစ်​တွေ ဖြစ်သွားကြပါတယ်။

နိုင်သူစားစတမ်း အုပ်စုဖွဲ့အာဏာရှင် ယဉ်​ကျေးမှုနဲ့ တိုးတက်လာတဲ့ လူ​သား​တွေဟာ အချိန်ကြာလာနဲ့အမျှ တိုးတက်မှုနဲ့ အတူ ပိုမိုကြီးမားတဲ့ အ​ကြောက်တရား​တွေ ဖြစ်လာကြတယ်။ ကိုယ့်အုပ်စုရဲ့ သြဇာကြီးမာလိုတဲ့ ဆန္ဒမှာတင် မရပ်ထားဘဲ တချိန်မှာ မိမိတို့​နေရာကို လုယူမှာစိုးတဲ့အတွက်​ကြောင့်ဆိုပြီး တခြားအုပ်စု​တွေပါ ဖျက်ဆီးပစ်လိုတဲ့ သ​ဘော​တွေ ရှိလာတယ်။

အကြမ်းဖက်ခြင်းကို နှစ်သက်လာတဲ့ လူအုပ်စု​တွေမှာ အချင်းချင်း အကြမ်းဖက်ရင်း အ​ကြောက်တရား​တွေ ကြီးထွားလာကြပြီး ​ပေးဆပ်ရတာ​တွေ များလာတယ်။ ​ပေးဆပ်ရတာ​တွေ များလာ​လေ​လေ အ​ကြောက်တရား​တွေ သံသယ​တွေ ပိုကြီးမားလာ​လေ​လေ ဖြစ်လာကြတယ်။

သံသယ​တွေကြီးမားလာတာနဲ့အမျှ ပြင်ပသဏ္ဍာန် မတူကွဲပြားခြင်း​တွေအ​ပေါ် ခွဲခြားဆုံးဖြတ်လာကြပြီး ကိုယ်တိုင် အ​ကြောက်တရားနဲ့ စိတ်တိုင်းကျဗီလိန်​တွေကို ပုံ​ဖော်လာကြတယ်။ ဒီလို ပုံ​ဖော်လိုက်တဲ့ ဗီလိန်ကမှ ကိုယ့်ရဲ့ မသိစိတ်ထဲမှာ ကိန်း​အောင်း​နေတဲ့ တကယ့်ဆန္ဒဖြစ်ပါတယ်။

ဥပမာ မျက်​မှောက်ကာလမှာဆိုရင် တဦးချင်းတဲ့ဆိုင်တဲ့ ကာမဆန္ဒကို မတူညီ​သောအုပ်စုမှာ ကျ​နော်တို့ထက် ပိုကျယ်ကျယ်ပြန့်ပြန့် အသုံးချတယ်လို့ ယူဆပြီး ထုတ်ခဲ့တဲ့ ဥပ​ဒေ​တွေဟာ အခုအချိန်မှာ ကိုယ်ရှူးကိုယ် ပြန်ပက်ဖြစ်တဲ့ အဖြစ်အပျက်​တွေ ရှိပါတယ်။

အားလုံး​သော အုပ်စုဖွဲ့ခြင်း​တွေနဲ့ သူတို့ရဲ့ အကျိုးဆက် အမုန်းတရား လက်ကိုင်ထားသူ​တွေ မမြင်တဲ့အချက်က ကျ​နော်တို့ဟာ ဘာမှ မပိုင်ဆိုင်တာပါပဲ။ ကျ​နော်တို့ဟာ တူညီတဲ့ ဂြိုဟိတလုံး​ပေါ်မှာ ​နေထိုင်​နေကြတဲ့ သက်ရှိ​တွေသာ ဖြစ်တယ်ဆိုတာကို လက်မခံနိုင်ကြတဲ့အခါ ဒီပြဿနာ​တွေ ကြုံလာရပါတယ်။

မပိုင်ဆိုင်ခဲ့တဲ့အရာ​တွေကို ပိုင်ဆိုင်ထားတယ်လို့ အထင်မှားပြီး ဆုံးရှုံးရမှာကို ​ကြောက်တဲ့အခါ ကိုယ့်အုပ်စုကိုယ် ခိုင်မာ​အောင် တည်​ဆောက်မယ့်အစား သူတပါးကို ဖျက်ဆီးဖို့ ကြိုးစားကြပါတယ်။ ဆုတ်ကိုင်ထားချင်သ​ရွေ့​တော့ ကျ​နော်တို့ရဲ့ ဒီအတ္တသံသရာထဲက လွတ်​မြောက်မှာ မဟုတ်ပါဘူး။

ငြိမ်းချမ်းတဲ့ ကမ္ဘာကို လိုချင်တဲ့ လူသား​တွေအ​နေနဲ့ မိမိရဲ့ ပင်ကိုမူကို ပြန်ပြီး ရှာ​ဖွေရမှာဖြစ်ပါတယ်။ ​​ကြောက်ရွံ့ခြင်းက​နေ လွတ်​မြောက်လာရမှာ ဖြစ်ပြီး လွတ်​မြောက်မှုကိုလည်း လက်ခံရမှာ ဖြစ်ပါတယ်။ ဒီလွတ်​မြောက်မှုကို ရှာ​ဖွေဖို့က အဖွဲ့အစည်း​တွေ ပါတီ​တွေ နိုင်ငံ​တွေရဲ့ အလုပ် မဟုတ်ပါဘူး။ တဦးချင်းစီရဲ့အလုပ်သာ ဖြစ်ပါတယ်။ ဒါ​ကြောင့် ကျ​နော် ခင်ဗျားတို့ကို လွတ်လပ်ခြင်းကို ​ပေးပါမယ်။ ကျ​နော့်ကို ​ထောက်ခံပါဆိုရင် လိမ်ကွက်တခုသာ ဖြစ်ပါတယ်။ တဦးချင်း လွတ်လပ်ခြင်းသည် တဦးချင်းနဲ့သာဆိုင်ပြီး တဦးစီ လွတ်လပ်မှ အများလွတ်လပ်မှာ ဖြစ်ပါတယ်။


Thura Aung

Post a Comment

Previous Post Next Post