မီးမောင်းထိုး လွှဲချခြင်းတွေက အုပ်စုတွင်း အကြမ်းဖက်မှုကစလို့ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နိုင်တယ်။ ဒီလိုလွှဲချခြင်းတွေက ကွဲပြားမှုကို အရေးပါတဲ့ အရှိတရားအဖြစ်မြင်စေပြီး အမုန်းတရားကို ဖြစ်စေတယ်။ အမုန်းတရားနဲ့ လွှဲချခြင်းဟာ ကြက်ဥနဲ့ကြက်မလို သံသရာ ကျော့ရင်းနဲ့ ကျော့ပါများလေ ကွဲပြားမှုတွေကို ပိုမြင်လေ ဖြစ်လာပြီး နောက်ဆုံးမှာတော့ တဖက်နဲ့တဖက် သံသယလွန်ကဲမှုတွေ ဖြစ်လာတယ်။
လူ့အုပ်စုတစုစီမှာ အတ္တဆိုတာ သိသိသာသာရှိတဲ့ လူသားဆိုတဲ့ သတ္တဝါတယောက်စီ ပါဝင်တယ်။ ဒီတော့ လူ့အုပ်စုတစုတွေဟာ အတ္တဗဟိုပြုလူ့အုပ်စုတွေ ဖြစ်လာတယ်။ အုပ်စုဝင်တွေကလည်း အုပ်စုဝင်အဖြစ် တည်မြဲရေးအတွက် မိမိပင်ကိုယ်ဖြစ်တည်မှုကို ဖိနှိပ်လာရပြီး အများအလိုကျ လိုက်လာရတယ်။ အများအလိုကျဖြစ်လာတဲ့အတွက် ပင်ကိုယ်မူတွေ ပျောက်ဆုံးကုန်ပြီး တဦးချင်းဆိုင်ရာ အမှန်တရားတွေဟာ မျက်ကွယ်အပြုခံလာရတယ်။ ဒါပေမဲ့ မသိမသာဆိုသလို ကျေကျေနပ်နပ်ကြီး ကိုယ်တိုင် မျက်ကွယ်ပြုလိုက်တာတွေတောင်ရှိတယ်။
အတ္တဗဟိုပြု လူ့အုပ်စုတွေဟာ တဖက်အုပ်စုတွေနဲ့ တွေ့တဲ့အခါ တဖက်အုပ်စုက အားနည်းနေရင် လွှမ်းမိုးလိုတဲ့ သဘာဝရှိတယ်။ အင်အားသုံးလွှမ်းမိုးကြတာမျိုးတွေရှိလာတယ်။ အကြောင်းပြချက်အနေနဲ့ကတော့ အထက်က ဆိုခဲ့သလို သံသယလွန်ကဲခြင်းကြောင့်ပဲ။ ဒီသံသယလွန်ကဲခြင်းဆိုတဲ့ လောင်စာက အမုန်းတရားကို အားကောင်းလာစေပြီး အားစိုက်ထုတ်မှုတွေ ဖြစ်လာစေတယ်။ အများသဘောဆိုတဲ့ စကားရဲ့ နောက်မှာ တဦးချင်း လွတ်လပ်မှုတွေ ပင်ကိုယ်မူတွေ ပျောက်ဆုံးသွားပြီး အုပ်စုရဲ့ အာဏာနောက်ကို ကောက်ကောက်ပါအောင်လိုက်တဲ့ ကိုယ်တိုင်ကလည်း အားနည်းသူကို အနိုင်ယူလိုတဲ့ အာဏာရှင်စစ်စစ်တွေ ဖြစ်သွားကြပါတယ်။
နိုင်သူစားစတမ်း အုပ်စုဖွဲ့အာဏာရှင် ယဉ်ကျေးမှုနဲ့ တိုးတက်လာတဲ့ လူသားတွေဟာ အချိန်ကြာလာနဲ့အမျှ တိုးတက်မှုနဲ့ အတူ ပိုမိုကြီးမားတဲ့ အကြောက်တရားတွေ ဖြစ်လာကြတယ်။ ကိုယ့်အုပ်စုရဲ့ သြဇာကြီးမာလိုတဲ့ ဆန္ဒမှာတင် မရပ်ထားဘဲ တချိန်မှာ မိမိတို့နေရာကို လုယူမှာစိုးတဲ့အတွက်ကြောင့်ဆိုပြီး တခြားအုပ်စုတွေပါ ဖျက်ဆီးပစ်လိုတဲ့ သဘောတွေ ရှိလာတယ်။
အကြမ်းဖက်ခြင်းကို နှစ်သက်လာတဲ့ လူအုပ်စုတွေမှာ အချင်းချင်း အကြမ်းဖက်ရင်း အကြောက်တရားတွေ ကြီးထွားလာကြပြီး ပေးဆပ်ရတာတွေ များလာတယ်။ ပေးဆပ်ရတာတွေ များလာလေလေ အကြောက်တရားတွေ သံသယတွေ ပိုကြီးမားလာလေလေ ဖြစ်လာကြတယ်။
သံသယတွေကြီးမားလာတာနဲ့အမျှ ပြင်ပသဏ္ဍာန် မတူကွဲပြားခြင်းတွေအပေါ် ခွဲခြားဆုံးဖြတ်လာကြပြီး ကိုယ်တိုင် အကြောက်တရားနဲ့ စိတ်တိုင်းကျဗီလိန်တွေကို ပုံဖော်လာကြတယ်။ ဒီလို ပုံဖော်လိုက်တဲ့ ဗီလိန်ကမှ ကိုယ့်ရဲ့ မသိစိတ်ထဲမှာ ကိန်းအောင်းနေတဲ့ တကယ့်ဆန္ဒဖြစ်ပါတယ်။
ဥပမာ မျက်မှောက်ကာလမှာဆိုရင် တဦးချင်းတဲ့ဆိုင်တဲ့ ကာမဆန္ဒကို မတူညီသောအုပ်စုမှာ ကျနော်တို့ထက် ပိုကျယ်ကျယ်ပြန့်ပြန့် အသုံးချတယ်လို့ ယူဆပြီး ထုတ်ခဲ့တဲ့ ဥပဒေတွေဟာ အခုအချိန်မှာ ကိုယ်ရှူးကိုယ် ပြန်ပက်ဖြစ်တဲ့ အဖြစ်အပျက်တွေ ရှိပါတယ်။
အားလုံးသော အုပ်စုဖွဲ့ခြင်းတွေနဲ့ သူတို့ရဲ့ အကျိုးဆက် အမုန်းတရား လက်ကိုင်ထားသူတွေ မမြင်တဲ့အချက်က ကျနော်တို့ဟာ ဘာမှ မပိုင်ဆိုင်တာပါပဲ။ ကျနော်တို့ဟာ တူညီတဲ့ ဂြိုဟိတလုံးပေါ်မှာ နေထိုင်နေကြတဲ့ သက်ရှိတွေသာ ဖြစ်တယ်ဆိုတာကို လက်မခံနိုင်ကြတဲ့အခါ ဒီပြဿနာတွေ ကြုံလာရပါတယ်။
မပိုင်ဆိုင်ခဲ့တဲ့အရာတွေကို ပိုင်ဆိုင်ထားတယ်လို့ အထင်မှားပြီး ဆုံးရှုံးရမှာကို ကြောက်တဲ့အခါ ကိုယ့်အုပ်စုကိုယ် ခိုင်မာအောင် တည်ဆောက်မယ့်အစား သူတပါးကို ဖျက်ဆီးဖို့ ကြိုးစားကြပါတယ်။ ဆုတ်ကိုင်ထားချင်သရွေ့တော့ ကျနော်တို့ရဲ့ ဒီအတ္တသံသရာထဲက လွတ်မြောက်မှာ မဟုတ်ပါဘူး။
ငြိမ်းချမ်းတဲ့ ကမ္ဘာကို လိုချင်တဲ့ လူသားတွေအနေနဲ့ မိမိရဲ့ ပင်ကိုမူကို ပြန်ပြီး ရှာဖွေရမှာဖြစ်ပါတယ်။ ကြောက်ရွံ့ခြင်းကနေ လွတ်မြောက်လာရမှာ ဖြစ်ပြီး လွတ်မြောက်မှုကိုလည်း လက်ခံရမှာ ဖြစ်ပါတယ်။ ဒီလွတ်မြောက်မှုကို ရှာဖွေဖို့က အဖွဲ့အစည်းတွေ ပါတီတွေ နိုင်ငံတွေရဲ့ အလုပ် မဟုတ်ပါဘူး။ တဦးချင်းစီရဲ့အလုပ်သာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော် ခင်ဗျားတို့ကို လွတ်လပ်ခြင်းကို ပေးပါမယ်။ ကျနော့်ကို ထောက်ခံပါဆိုရင် လိမ်ကွက်တခုသာ ဖြစ်ပါတယ်။ တဦးချင်း လွတ်လပ်ခြင်းသည် တဦးချင်းနဲ့သာဆိုင်ပြီး တဦးစီ လွတ်လပ်မှ အများလွတ်လပ်မှာ ဖြစ်ပါတယ်။
Thura Aung

Post a Comment