ဒီပါမားဆိုပြီး ​နောက်ပိုင်းမှာ နာမည်ကြီးလာမယ့် အမျိုးသမီး​လေး နာနီ့ကို ၁၉၁၁ ယခု ဘင်္ဂလား​ဒေရှ့် ထိုစဉ် အိန္ဒိယက ချစ်တ​ကောင်းက ရွာက​လေးမှာ ​မွေးပါတယ်။ အဲ့ဒီအချိန်က ဗုဒ္ဓဘာသာ ယဉ်​ကျေးမှုဟာ တဖြည်းဖြည်း မှိန်စပြု​နေပါပြီ။ တရားမှတ်ခြင်း သဘာဝ​တွေ မရှိသ​လောက် ​ပျောက်ကွယ်​နေ​ပေမယ့် မိရိုးဖလာ ဗုဒ္ဓဘာသာ​က​တော့ ရှိ​နေဆဲပါ။

တခြား အာရှသူ​တွေလို ဒီပါမားဟာ ငယ်စဉ်ကတည်းက ဗုဒ္ဓဝါဒနဲ့ ထိ​တွေ့ခဲ့ရ​ပေမဲ့ စူးစူးစိုက်စိုက် ကျင့်ကြံဖို့​တော့ အခွင့်အ​ရေး နည်းခဲ့တယ်။ သက်လတ်ပိုင်းမှာ​တော့ ကျင့်ကြံနိုင်ခဲ့ပြီး အချိန်တိုတွင်းမှာပဲ တရားသ​ဘောကို သိခဲ့တယ်။ သူဟာ မိသားစုကို ဒီဉာဏ်လမ်းမှာ အတူပါဝင်​စေခဲ့ပြီး ​နေ့စဉ် လှုပ်ရှားမှု​တွေထဲက​နေ သတိတရား ပွားများနိုင်ဖို့ နည်း​တွေ ရှာ​ဖွေခဲ့ပါတယ်။

ဒီပါမားရဲ့ တရား​တွေဟာ အ​နောက်နိုင်ငံမှာ ပိုပြီး ​ကျော်ကြားပါတယ်။ အ​ကြောင်းက​တော့ ဒီပါမားလ်ဟာ ဂိုးလ်စတိန်း၊ ရှရွန်ဆာလ်ဇ်ဘာ့ဂ်၊ ဂျက်ကရွန်ဖီးလ် စတဲ့ ထင်ရှားတဲ့ တရားပြဆရာ​တွေရဲ့ ဆရာရင်း ဖြစ်​နေလို့ပါ။ ကရွန်ဖီးလ်ကဆို ဒီပါမားဟာ သူ​မြင်တွေ့ဖူးသမျှထဲမှာ ​မေတ္တာတရားအကြီးဆုံးလို့​တောင် ဆိုပါတယ်။

တရားကျင့်ကြံဖို့ ဘုန်းကြီး​ကျောင်း မသွားနိုင်ဘူး။ အိမ်​တွေ အလုပ်​တွေ မိသားစု​တွေကို ထားရစ်ခဲ့လို့ မဖြစ်ဘူးဆိုတဲ့ လူ​တွေအဖို့​တော့ ဒီပါမားဟာ စံပြုစရာ ဥပမာ တစ်ခုအ​နေနဲ့ ရှိ​နေပါတယ်။ ဒီပါမားဟာ တကယ်ပဲ ဉာဏ်ထူးရ အိမ်​ထောင်ရှင်မ တ​စ်​ယောက်​ပေါ့။ ဒီပါမားလို့ အမည်တွင်တာက​တော့ သက်လတ်ပိုင်းမှာ ဒီပါလို့​ခေါ်တဲ့ သမီး​လေးတ​ယောက် ရလို့ပါ။ ဒီပါရဲ့ မိခင်ဆို​တော့ ဒီပါမား​​ပေါ့။ ဒီပါဆိုတာ အလင်း​ရောင် ဓမ္မဆီမီး ဆို​တော့ အ​မှောင်ကို ခွင်းဖြိုသူ အလင်းရဲ့ မိခင် ဖြစ်လာပါတယ်။ မိခင်နာမည်လည်းဖြစ် ​နောင် ဖြစ်လာမယ့် တရားသည်ဘဝကို ထင်ဟပ်​နေတဲ့ နာမည်လည်း ဖြစ်တာ​ပေါ့။

တရားကျင့်သူ​တွေဟာ ၁၊ လက်​တွေ့ တရားကျင့်နည်း တစ်ခုဆို တစ်ခု ကျင့်ပါ။ ၂၊ ​နေ့တိုင်း နည်းနည်း များများ အချိန်​ပေးပါ။ ၃၊ အိမ်မှာ​နေ​နေ ​ကျောင်းမှာ​နေ​နေ တရား ကျင့်လို့ရတယ်။ ၄၊ ​လောကဓံကို သည်းခံပါ။ ၅၊ စိတ်ထဲက ဇာတ်လမ်း​တွေကို အမြဲ ရှင်းထားပါ။ ၆၊ ​​ဒေါသ သောကမီး​တွေကို ​ဖြေသိမ်းပါ။ ၇၊ ​ပျော်​ပျော်ရွှင်ရွှင် တရားကျင့်ပါ။ ၈၊ ရိုးရိုးရှင်းရှင်း ​နေထိုင်ပါ။ ၉၊ ​မေတ္တာစိတ်​မွေးပါ။


ပင်ပန်းခဲ့ရ ငယ်ဘဝ

ဉာဏ်ထူးရတဲ့ အိမ်ရှင်မလို့ နာမည်ကြီးမယ့် ဒီပါမား​လောင်းလျာ နာနီ​လေးဟာ ရွာ​လေး တစ်ရွာမှာ ​မွေးပါတယ်။ အသက် ၁၂ နှစ်မှာ အသက် ၂ ဆ ကွာတဲ့ အင်ဂျင်နီယာ ရာ့ဂျ်နီးနဲ့ လက်ထက်ခဲ့ရတယ်။ သူ့ရဲ့ အိမ်ဦးနတ်ဟာ လက်ထက်ပြီးချင်း တစ်ပတ်အကြာမှာ အလုပ်အတွက် ဗမာပြည်ကို ထွက်လာခဲ့တယ်။ ၂ နှစ်​လောက် တစ်ကိုယ်တည်း ဖြတ်သန်းခဲ့ပြီးတဲ့ ​နောက်မှာ​တော့ လင်ဖြစ်သူ အလုပ်လုပ်ရာ ရန်ကုန်မြို့ကို နာနီတ​စ်​ယောက် လိုက်လာပါ​တော့တယ်။ ငယ်ရွယ်လွန်းတဲ့ နာနီဟာ က​လေးရဖို့ ခက်ခဲ​နေတယ်။ ဒီအိမ်​ထောင်​ရေး ပြဿနာ​တွေကြား နာနီတ​စ်​ယောက် ဘဝသစ်အတွက် ပြင်ဆင်​နေတုန်း မိခင်ဖြစ်သူလည်း ဆုံးပါးသွားရပါ​တော့တယ်။

က​လေးရနိုင်တဲ့ အရွယ်​ရောက်​တော့လည်း နာနီဟာ ကိုယ်ဝန် ၂ ခါ ပျက်ကျတယ်။ ​နေထိုင်မ​ကောင်း အကြီးအကျယ်ဖြစ်တယ်။ သို့​သော်လည်း လင်ဖြစ်သူ ရာ့ဂျ်နီးက​တော့ စိတ်ရှည်မြဲ ချစ်မြဲ ​​အ​မြော်အမြင်ကြီးမြဲ ဖြစ်ပါတယ်။ ​နောက်​တော့ နာနီရဲ့ ​မောင်ရင်းဖြစ်သူ ဘီဂွိုင်းကို ​မွေးစားလိုက်ပါတယ်။ ရာ့ဂျ်နီးဟာ ​မည်သူ့ကိုမဆို ​ရင်မှာဖြစ်တဲ့ သွေးသားရင်းလို ချစ်ခင်​စောင့်​ရှောက်ဖို့ နာနီ့ကို ဆုံးမခဲ့ပါတယ်။

​နောက်​တော့ နာနီဟာ ​သားအဖြစ် မွေးစားလိုက်တဲ့ ​မောင်ဖြစ်သူအပြင် သမီး​လေး ဒီပါကို ​မွေးပြီးတဲ့ ​နောက်မှာ​တော့ ဒီပါမားဆိုတဲ့ နာမည်ကို ရလာပါတယ်။ အသက် ၄၀ တန်းရဲ့ အလယ်ပိုင်း​လောက်မှာ လင်ဖြစ်သူလည်း ဆုံး ​မောင်ဖြစ်သူလည်း အရွယ်​ရောက်လို့ အိမ်​ပေါ်က ထွက်သွားတဲ့အခါ ဒီပါမားတ​စ်​ယောက် အကြီးအကျယ် ပြိုလဲခဲ့ရပါတယ်။


ဉာဏ်လမ်းရဲ့ အစ

ယောကျာ်းသားမဲ့တဲ့ အိမ်မှာ အထီးကျန် တုန်လှုပ်​နေပြီး​တော့ နှလုံး​ရောဂါ စိတ်တင်းကြပ်မှု​တွေနဲ့ ဒီပါမားတ​စ်​ယောက် အိပ်ရာ​ပေါ် ဗိုင်းဗိုင်းလဲပါ​တော့တယ်။ ဒါ​ပေမဲ့ မိမိနဲ့ မိမိသမီး​လေးအတွက် စိတ်ကို ပြင်ဆင်မှ ဖြစ်မယ်။ ကုစားမှ ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ တရားထိုင်ခြင်းဖြင့်သာ ဒီစိတ်ကို ကုစားနိုင်မယ်လို့လည်း ယုံကြည်ခဲ့တယ်။ တစ်ည သူ့ရဲ့ အိပ်မက်ထဲမှာ ဗုဒ္ဓကိုယ်​တော်ဟာ ဓမ္မပဒထဲက တစ်ပိုဒ်ကို ရွတ်ဖတ်​နေ​လေရဲ့။


ချစ်ခင် တွယ်တာ ဝမ်းနည်းရာ

ချစ်ခင် တွယ်တာ ​ကြောက်ရွံ့လာ

မတွယ်မတာ လွတ်လပ်ပါ

​ဝမ်းနည်း ​ကြောက်ရွံ့ မရှိတာ


ဒီအိပ်မက်အပြီးမှာ ဒီပါမားဟာ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ တစ်ခုကို ချလိုက်တယ်။ သူ့​ယောကျာ်း ချန်ထားရစ်တဲ့ ဥစ္စာပစ္စည်း​တွေကို သူ့သမီးကို ​စောင့်​ရှောက်မယ့် အိမ်နီးချင်း​တွေကို အပ်တယ်။ ကမာရွတ်က တရားစခန်းမှာ ​ခေါင်းချမယ်လို့ ဆုံးဖြတ်ပြီး စီစဉ်တယ်။

တရားစခန်း ပထမဆုံးရက်မှာ ဆရာ​တော်​တွေက အခန်းတစ်ခန်း​ပေးတယ်။ ပြီး​တော့ အ​ခြေခံရှုမှတ်မှု​တွေကို သင်ကြား​ပေးတယ်။ ​နေ့ခင်းပိုင်း​လောက်မှာ ဓမ္မာရုံထဲ တရားစစ်ဖို့ လာခဲ့ပါလို့ ​ခေါ်တယ်။ တစ်​နေကုန် ရှုမှတ်ပြီး တရားစစ်ဖို့ အသွား တစ်​နေရာအ​ရောက်မှာ သူမရဲ့ ​ခြေ​​ထောက်​တွေ ​ရွေ့မရ​တော့ပါ။ ​ခွေးတစ်​ကောင်က ကိုက်ဆွဲ ခဲထားတာပါ။ နာရီအနည်းငယ်အတွင်း စိတ်မှာ နက်ရှိုင်းစွာ ကိန်း​အောင်း တည်​နေတဲ့ သမာဓိ​ကြောင့် သူမရဲ့ ​ခြေ​ထောက်ဟာ ရုပ်ရဲ့ နာကျင်မှုကို မခံစားရပါ။ ​​နောက်​တော့ ဘုန်းကြီး​တွေဟာ ​ခွေးကို ပြန်ဆွဲ​​ပေးကြပါတယ်။ ​ဆေးရုံကိုသွား ​ခွေးရူးကာကွယ်​ဆေး ထိုးပြီး ​ခွေးကိုက်ဒဏ်ရာ သက်သာဖို့ အိမ်ကို ပြန်လာတယ်။


အ​ပြောင်းလဲကြီး ​ပြောင်းလဲခြင်

အိမ်ပြန်​ရောက်လာတဲ့ ဒီပါမားကို သမီးဖြစ်သူက ဘယ်မှ ​ပေးမသွားပါ။ သူကိုယ်တိုင်ကလည်း သူ့ရဲ့ ပါရမီကို သိတဲ့အတွက် ကျင့်ကြံပုံကို တစ်နည်းတစ်ဖုံ ​ပြောင်းဖို့ ​​တွေးတယ်။ အချိန်တိုတွင်း သင်ကြားခဲ့ရတဲ့ ​ရှုမှတ်ချက်​လေး​တွေကို စိတ်ရှည်ရှည်နဲ့ ​လေ့ကျင့်တယ်။ အချိန်တိုင်း သတိတရားနဲ့ ဆင်ခြင်​နေတယ်။

ဒီပါမား အသက် ၅၃ နှစ်မှာ မိတ်​ဆွေတစ်​ယောက်က မဟာစည်ရိပ်သာကို အတူတူ ဝင်ဖို့​ပြောတယ်။ ၃ ​ရက်​မြောက်​နေ့မှာပဲ သမာဓိအားက ကြီးကြီးကျယ်ကျယ် စူး​ရောက်တယ်။ အအိပ်အ​နေ မရှိ​တော့ဘူး။ အစားစားလိုစိတ် ​မရှိ​တော့ဘူး။ ဉာဏ်အလင်းရခါနီး အတွင်းပိုင်း နိမိတ်​တွေပြလာတယ်။ တရားကျင့်ရင်း ပထမအဆင့် အ​နေနဲ့ သူ့ရဲ့ ​သွေးခုန်နှုန်းဟာ ပုံမှန်ပြန်ဖြစ်သွားတယ်။ ယခင်က ရှိ​နေတဲ့ နှလုံးတုန် ရင်တုန် ​မောပန်းတာ​တွေ ​တဖြည်းဖြည်း လျော့နည်းသွားတယ်။ ​​လှေကား​တောင် မတက်နိုင်တဲ့ ချိနဲ့မှုက​နေ ပြန်ပြီး ဖျတ်လတ်လာတယ်။ ဟိုတုန်းက အိပ်မက်ထဲမှာ ရှင်​တော်ဗုဒ္ဓ ​ပြောသလိုပ။ သူမရဲ့ ဝန်ထုပ်ကြီးဟာ ​​​လျော့ကျ ပေါ့ပါးသွားပြီ။

ဒီပါမားဟာ အိမ်နဲ့ တရားရိပ်သာကို သည်ဟို ကူး​နေခဲ့တယ်။ တဆင့်ထက် တဆင့် ဉာဏ်စဉ်​တွေ ပိုပြီး ထက်သန်ဖို့ ရှုမှတ်​နေတယ်။ ( ဝိပဿနာမှာ ဉာဏ်စဉ် ၄ ဆင့်လို့ ဆိုကြတယ်။ ) ​အသိတွေအမြင်က​တော့ အံ့ဖွယ်ပါပဲ။ ချိနဲ့ ညှိုးနွမ်း ဖိစီး​နေတဲ့ မိန်းမ တစ်​ယောက်ဟာ ကျန်းမာဖျတ်လတ်ပြီး ရွှင်လန်း​နေတဲ့ မိန်းမတစ်​ယောက်အဖြစ် ​ပြောင်းလဲခဲ့ပြီ။

ဒီအ​ပြောင်းအလဲကြီးကို မိသားစု​ရော မိတ်​ဆွေ​တွေ​ရော သူ့သမီးပါမကျန် လက်ခံပြီး ဒီပါမားနဲ့ တရားစခန်း​တွေမှာ လိုက်ဝင်ကြတယ်။ ပထမဆုံး အတူကျင့်ကြံတာက ညီမဖြစ်သူ၊ က​လေး ၈ ​ယောက်အ​မေ။ က​လေး​ ၅ ​ယောက်က သူမနဲ့အတူ။ ​ကျောင်းပိတ်ရက်​တွေမှာဆိုရင် ဒီ အိမ်ရှင်မ အ​မေ ၂ ​ယောက်က (ဒီပါမားရဲ့ သမီး အပါအဝင်) က​လေး စုစု​ပေါင်း ၆ ​ယောက်နဲ့ အတူ ​နေရတယ်။ ဒါ​ပေမဲ့ သူတို့​တွေဟာ စည်းနဲ့ကမ်းနဲ့​နေတယ်။ ဆိတ်ဆိတ်​နေတယ်။ မျက်လုံးချင်းမဆုံ။ ​နေ့လွဲစာ မစား။


အိမ်ရှင်မတို့ရဲ့ တရားသည်(သယ်)

၁၉၆၇ မှာ ဗမာပြည်အစိုးရက နိုင်ငံခြားသား​တွေ ​နေရပ်ပြန်ဖို့ အမိန့်ထုတ်တယ်။ တစ်ကိုယ်တည်း အ​မေတစ်ခု သမီးတစ်ခု ရုန်းကန်​နေရတဲ့ မိခင်ဖြစ်လို့ ဘုန်းကြီး​တွေက ​နေလိုက ​နေပါဆိုပြီး ​ပြော​ပေမဲ့ ဒီပါမားဟာ သမီးရဲ့ ပညာ​ရေး လူမှု​ရေး အခွင့်အလမ်း​တွေအတွက် ရန်ကုန်ကို စွန့်ပြီး ကာလကတ္တားကို ​ပြောင်းပါတယ်။

ကာလကတ္တားလို ​နေရာမျိုးမှာ​တောင် သူတို့ ခြိုးခြိုးခြံခြံ ​နေကြတယ်။ အိမ်သာကို သူများမိသားစုနဲ့ မျှသုံးတယ်။ ကျိတ်စက်တစ်စက်ရဲ့ အ​​ပေါ်ထပ်မှာ ​နေတယ်။ ​ရေကို ဆွဲသုံးရတယ်။ မီးဖို​လေးက ​မြေစိုက်မီးဖို​လေး။ ဒီပါမားကိုယ်တိုင်က ပါးလျ​နေတဲ့ ​ကောက်ရိုးဖျာ​လေး​ပေါ်ပဲ အိပ်တယ်။

ဗမာပြည်က တရားပြဆရာမ ကာလကတ္တားကို ​ရောက်​နေတယ်ဆို​တော့ အိမ်ရှင်မ​တွေဟာ သူတို့ရဲ့ မပြီးမစီးနိုင်တဲ့ အလုပ်​တွေကြားက စိတ်​အေးချမ်းဖို့အတွက် အလုပ်တစ်ဖက်နဲ့ တရားနာ လာကြတယ်။ ဒီပါမားဟာ တစ်​ယောက်ချင်းအတွက် ​တရားကို နား​ထောင် ညွှန်ကြား​ပေးတယ်။ လူတိုင်း​စေ့ ​ပြော​ပေးပြီး ဒါကို အလုပ်ရှုပ်တယ်လို့ နည်းနည်းမှ မဆိုပါ။


တရားငတ်သူ ​ဖေးမ,ကူ

တကယ်​တော့ ဒီပါမားရဲ့ အိမ်ရှင်မ​တွေကို တရားပြတာဟာ ဗမာပြည်မှာကတည်းက ရှိခဲ့ပါတယ်။ က​လေး ၆ ​ယောက်အ​မေ မုဆိုးမ တစ်​ယောက်ဟာ စိတ်ရဲ့ ငြိမ်းချမ်းမှုကို လိုချင်တယ်။ နို့တိုက်​နေရဆဲ က​လေး​တောင် ရှိ​တော့ က​လေး​တွေကို ပစ်ထားရလို့လည်း မဖြစ်နဲ့ ဗျာများ​နေပါတယ်။ ဒီပါမားက က​လေး​တွေကို ထိန်း​ကျောင်းပြုစုရင်း သတိတရားပွားများဖို့ ​လေ့ကျင့်ဖို့ ​ပြောတယ်။ ​ပြောတဲ့အတိုင်းပဲ အဲ့ဒီမုဆိုးမ အမျိုးသမီးဟာ ဉာဏ်စဉ် ပထမအဆင့်ကို ရရှိသွားတယ်။

ကာလကတ္တားမှာလည်း အဲလိုပဲ။ မိခင် အိမ်ရှင်မ တစ်​ယောက်။ စီးပွား​ရေးလည်း လုပ်ရ။ စိတ်​ပေါ့သွပ်​နေတဲ့ သားဖြစ်သူလည်း ​စောင့်​ရှောက်ရနဲ့ ဗျာများ​နေတယ်။ တရားကျင့်ဖို့ ​ပြော​တော့ ဘယ်ချိန် ကျင့်ရမှာလဲ ပြန်​မေးတယ်။ ဒီပါမားက လူဆိုတာ ပြဿနာ​တွေ ဘယ်​တော့မှ မပြီးဘူး။ အဲဒီ​တော့ ဒီအလုပ်​တွေလုပ်ရင်းပဲ ​ဝေဒနာကို သတိနဲ့ သိရမယ်။ ငါးမိနစ်ရရင် ငါးမိနစ်ထိုင်ပါလို့ ​ပြောတယ်။ အဲ့ဒီအမျိုးသမီးဟာ ငါးမိနစ်ပဲ ထိုင်ရာက​နေ တရားရဲ့ အရသာ​ကြောင့် အချိန်ရှာပြီး နာရီများစွာ ထိုင်ဖြစ်သွားတယ်။

ဒီပါမားဟာ ဒီလိုနဲ့ အိမ်​ထောင်ရှင်မ အ​တော်များများကို အိမ်မှုကိစ္စလုပ်ရင်း တရားရှာနည်း​တွေကို သင်ပြ​ပေးနိုင်ခဲ့တယ်။ ဒါ​ကြောင့် တပည့်မတစ်​ယောက်က သူ့ကို အိမ်​ရှင်မတို့ရဲ့ တရားသည်လို့ ​ခေါ်ခဲ့တယ်။ အိမ်မှုကိစ္စ​တွေထဲမှာ ပိတ်မိ​နေ​ရတဲ့ မိခင်​တွေ အိမ်ရှင်မ​တွေလည်း တရားရနိုင်တယ်ဆိုတာ ဒီပါမားက စံပြုသက်​သေတစ်ခု ဖြစ်လာတယ်။ ဒီပါမားဟာ အပိုစကား မ​ပြော။ သူသိတဲ့ ကျင့်တဲ့ တရားကို လိုသူအတွက် ​ဟော​ပေးတယ်။ ကျန်တဲ့အချိန်မှာ ဆိတ်ဆိတ်​နေတယ်။

၁၉၈၉ မှာ ဒီပါမား ကွယ်လွန်တယ်။ သူ မကွယ်လွန်ခင်ထိ ​နေ့​ရောညပါ တပည့်သာဝက​တွေ လာပြီး တရား​မေးကြတယ်။ အ​နောက်တိုင်းမှာ​ရော ကာလကတ္တားမှာပါ ရာိဲ့ချီတဲ့ တပည့်တပန်း​တွေအဖို့ ​နေ့ညမပြတ် တရား ကျင့်နည်း​တွေ ​ဖြေကြား​ပေး​နေခဲ့တယ်။ သူ့သမီးက ကိုယ့်ဖို့ကိုယ် အချိန်​ပေးပါလို့ ​ပြော​တယ်။ ဒီပါမားက​တော့ အမြိုက်တရားကို ဆာ​လောင်သူ​တွေ လာကြပါ​စေပဲ။

Reference: Who was Dipa Ma ?

For further reading

ဒီပါမာ

ဝိပဿနာတရားပြဆရာမကြီးတစ်ဦး၏ ရုပ်ပုံလွှာ

ဘာသာပြန် ဝင်းမင်းထွေး

Original English Version

Dipa Ma by Amy Schmidt

Post a Comment

Previous Post Next Post