တခြား အာရှသူတွေလို ဒီပါမားဟာ ငယ်စဉ်ကတည်းက ဗုဒ္ဓဝါဒနဲ့ ထိတွေ့ခဲ့ရပေမဲ့ စူးစူးစိုက်စိုက် ကျင့်ကြံဖို့တော့ အခွင့်အရေး နည်းခဲ့တယ်။ သက်လတ်ပိုင်းမှာတော့ ကျင့်ကြံနိုင်ခဲ့ပြီး အချိန်တိုတွင်းမှာပဲ တရားသဘောကို သိခဲ့တယ်။ သူဟာ မိသားစုကို ဒီဉာဏ်လမ်းမှာ အတူပါဝင်စေခဲ့ပြီး နေ့စဉ် လှုပ်ရှားမှုတွေထဲကနေ သတိတရား ပွားများနိုင်ဖို့ နည်းတွေ ရှာဖွေခဲ့ပါတယ်။
ဒီပါမားရဲ့ တရားတွေဟာ အနောက်နိုင်ငံမှာ ပိုပြီး ကျော်ကြားပါတယ်။ အကြောင်းကတော့ ဒီပါမားလ်ဟာ ဂိုးလ်စတိန်း၊ ရှရွန်ဆာလ်ဇ်ဘာ့ဂ်၊ ဂျက်ကရွန်ဖီးလ် စတဲ့ ထင်ရှားတဲ့ တရားပြဆရာတွေရဲ့ ဆရာရင်း ဖြစ်နေလို့ပါ။ ကရွန်ဖီးလ်ကဆို ဒီပါမားဟာ သူမြင်တွေ့ဖူးသမျှထဲမှာ မေတ္တာတရားအကြီးဆုံးလို့တောင် ဆိုပါတယ်။
တရားကျင့်ကြံဖို့ ဘုန်းကြီးကျောင်း မသွားနိုင်ဘူး။ အိမ်တွေ အလုပ်တွေ မိသားစုတွေကို ထားရစ်ခဲ့လို့ မဖြစ်ဘူးဆိုတဲ့ လူတွေအဖို့တော့ ဒီပါမားဟာ စံပြုစရာ ဥပမာ တစ်ခုအနေနဲ့ ရှိနေပါတယ်။ ဒီပါမားဟာ တကယ်ပဲ ဉာဏ်ထူးရ အိမ်ထောင်ရှင်မ တစ်ယောက်ပေါ့။ ဒီပါမားလို့ အမည်တွင်တာကတော့ သက်လတ်ပိုင်းမှာ ဒီပါလို့ခေါ်တဲ့ သမီးလေးတယောက် ရလို့ပါ။ ဒီပါရဲ့ မိခင်ဆိုတော့ ဒီပါမားပေါ့။ ဒီပါဆိုတာ အလင်းရောင် ဓမ္မဆီမီး ဆိုတော့ အမှောင်ကို ခွင်းဖြိုသူ အလင်းရဲ့ မိခင် ဖြစ်လာပါတယ်။ မိခင်နာမည်လည်းဖြစ် နောင် ဖြစ်လာမယ့် တရားသည်ဘဝကို ထင်ဟပ်နေတဲ့ နာမည်လည်း ဖြစ်တာပေါ့။
တရားကျင့်သူတွေဟာ ၁၊ လက်တွေ့ တရားကျင့်နည်း တစ်ခုဆို တစ်ခု ကျင့်ပါ။ ၂၊ နေ့တိုင်း နည်းနည်း များများ အချိန်ပေးပါ။ ၃၊ အိမ်မှာနေနေ ကျောင်းမှာနေနေ တရား ကျင့်လို့ရတယ်။ ၄၊ လောကဓံကို သည်းခံပါ။ ၅၊ စိတ်ထဲက ဇာတ်လမ်းတွေကို အမြဲ ရှင်းထားပါ။ ၆၊ ဒေါသ သောကမီးတွေကို ဖြေသိမ်းပါ။ ၇၊ ပျော်ပျော်ရွှင်ရွှင် တရားကျင့်ပါ။ ၈၊ ရိုးရိုးရှင်းရှင်း နေထိုင်ပါ။ ၉၊ မေတ္တာစိတ်မွေးပါ။
ပင်ပန်းခဲ့ရ ငယ်ဘဝ
ဉာဏ်ထူးရတဲ့ အိမ်ရှင်မလို့ နာမည်ကြီးမယ့် ဒီပါမားလောင်းလျာ နာနီလေးဟာ ရွာလေး တစ်ရွာမှာ မွေးပါတယ်။ အသက် ၁၂ နှစ်မှာ အသက် ၂ ဆ ကွာတဲ့ အင်ဂျင်နီယာ ရာ့ဂျ်နီးနဲ့ လက်ထက်ခဲ့ရတယ်။ သူ့ရဲ့ အိမ်ဦးနတ်ဟာ လက်ထက်ပြီးချင်း တစ်ပတ်အကြာမှာ အလုပ်အတွက် ဗမာပြည်ကို ထွက်လာခဲ့တယ်။ ၂ နှစ်လောက် တစ်ကိုယ်တည်း ဖြတ်သန်းခဲ့ပြီးတဲ့ နောက်မှာတော့ လင်ဖြစ်သူ အလုပ်လုပ်ရာ ရန်ကုန်မြို့ကို နာနီတစ်ယောက် လိုက်လာပါတော့တယ်။ ငယ်ရွယ်လွန်းတဲ့ နာနီဟာ ကလေးရဖို့ ခက်ခဲနေတယ်။ ဒီအိမ်ထောင်ရေး ပြဿနာတွေကြား နာနီတစ်ယောက် ဘဝသစ်အတွက် ပြင်ဆင်နေတုန်း မိခင်ဖြစ်သူလည်း ဆုံးပါးသွားရပါတော့တယ်။
ကလေးရနိုင်တဲ့ အရွယ်ရောက်တော့လည်း နာနီဟာ ကိုယ်ဝန် ၂ ခါ ပျက်ကျတယ်။ နေထိုင်မကောင်း အကြီးအကျယ်ဖြစ်တယ်။ သို့သော်လည်း လင်ဖြစ်သူ ရာ့ဂျ်နီးကတော့ စိတ်ရှည်မြဲ ချစ်မြဲ အမြော်အမြင်ကြီးမြဲ ဖြစ်ပါတယ်။ နောက်တော့ နာနီရဲ့ မောင်ရင်းဖြစ်သူ ဘီဂွိုင်းကို မွေးစားလိုက်ပါတယ်။ ရာ့ဂျ်နီးဟာ မည်သူ့ကိုမဆို ရင်မှာဖြစ်တဲ့ သွေးသားရင်းလို ချစ်ခင်စောင့်ရှောက်ဖို့ နာနီ့ကို ဆုံးမခဲ့ပါတယ်။
နောက်တော့ နာနီဟာ သားအဖြစ် မွေးစားလိုက်တဲ့ မောင်ဖြစ်သူအပြင် သမီးလေး ဒီပါကို မွေးပြီးတဲ့ နောက်မှာတော့ ဒီပါမားဆိုတဲ့ နာမည်ကို ရလာပါတယ်။ အသက် ၄၀ တန်းရဲ့ အလယ်ပိုင်းလောက်မှာ လင်ဖြစ်သူလည်း ဆုံး မောင်ဖြစ်သူလည်း အရွယ်ရောက်လို့ အိမ်ပေါ်က ထွက်သွားတဲ့အခါ ဒီပါမားတစ်ယောက် အကြီးအကျယ် ပြိုလဲခဲ့ရပါတယ်။
ဉာဏ်လမ်းရဲ့ အစ
ယောကျာ်းသားမဲ့တဲ့ အိမ်မှာ အထီးကျန် တုန်လှုပ်နေပြီးတော့ နှလုံးရောဂါ စိတ်တင်းကြပ်မှုတွေနဲ့ ဒီပါမားတစ်ယောက် အိပ်ရာပေါ် ဗိုင်းဗိုင်းလဲပါတော့တယ်။ ဒါပေမဲ့ မိမိနဲ့ မိမိသမီးလေးအတွက် စိတ်ကို ပြင်ဆင်မှ ဖြစ်မယ်။ ကုစားမှ ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ တရားထိုင်ခြင်းဖြင့်သာ ဒီစိတ်ကို ကုစားနိုင်မယ်လို့လည်း ယုံကြည်ခဲ့တယ်။ တစ်ည သူ့ရဲ့ အိပ်မက်ထဲမှာ ဗုဒ္ဓကိုယ်တော်ဟာ ဓမ္မပဒထဲက တစ်ပိုဒ်ကို ရွတ်ဖတ်နေလေရဲ့။
ချစ်ခင် တွယ်တာ ဝမ်းနည်းရာ
ချစ်ခင် တွယ်တာ ကြောက်ရွံ့လာ
မတွယ်မတာ လွတ်လပ်ပါ
ဝမ်းနည်း ကြောက်ရွံ့ မရှိတာ
ဒီအိပ်မက်အပြီးမှာ ဒီပါမားဟာ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ တစ်ခုကို ချလိုက်တယ်။ သူ့ယောကျာ်း ချန်ထားရစ်တဲ့ ဥစ္စာပစ္စည်းတွေကို သူ့သမီးကို စောင့်ရှောက်မယ့် အိမ်နီးချင်းတွေကို အပ်တယ်။ ကမာရွတ်က တရားစခန်းမှာ ခေါင်းချမယ်လို့ ဆုံးဖြတ်ပြီး စီစဉ်တယ်။
တရားစခန်း ပထမဆုံးရက်မှာ ဆရာတော်တွေက အခန်းတစ်ခန်းပေးတယ်။ ပြီးတော့ အခြေခံရှုမှတ်မှုတွေကို သင်ကြားပေးတယ်။ နေ့ခင်းပိုင်းလောက်မှာ ဓမ္မာရုံထဲ တရားစစ်ဖို့ လာခဲ့ပါလို့ ခေါ်တယ်။ တစ်နေကုန် ရှုမှတ်ပြီး တရားစစ်ဖို့ အသွား တစ်နေရာအရောက်မှာ သူမရဲ့ ခြေထောက်တွေ ရွေ့မရတော့ပါ။ ခွေးတစ်ကောင်က ကိုက်ဆွဲ ခဲထားတာပါ။ နာရီအနည်းငယ်အတွင်း စိတ်မှာ နက်ရှိုင်းစွာ ကိန်းအောင်း တည်နေတဲ့ သမာဓိကြောင့် သူမရဲ့ ခြေထောက်ဟာ ရုပ်ရဲ့ နာကျင်မှုကို မခံစားရပါ။ နောက်တော့ ဘုန်းကြီးတွေဟာ ခွေးကို ပြန်ဆွဲပေးကြပါတယ်။ ဆေးရုံကိုသွား ခွေးရူးကာကွယ်ဆေး ထိုးပြီး ခွေးကိုက်ဒဏ်ရာ သက်သာဖို့ အိမ်ကို ပြန်လာတယ်။
အပြောင်းလဲကြီး ပြောင်းလဲခြင်း
အိမ်ပြန်ရောက်လာတဲ့ ဒီပါမားကို သမီးဖြစ်သူက ဘယ်မှ ပေးမသွားပါ။ သူကိုယ်တိုင်ကလည်း သူ့ရဲ့ ပါရမီကို သိတဲ့အတွက် ကျင့်ကြံပုံကို တစ်နည်းတစ်ဖုံ ပြောင်းဖို့ တွေးတယ်။ အချိန်တိုတွင်း သင်ကြားခဲ့ရတဲ့ ရှုမှတ်ချက်လေးတွေကို စိတ်ရှည်ရှည်နဲ့ လေ့ကျင့်တယ်။ အချိန်တိုင်း သတိတရားနဲ့ ဆင်ခြင်နေတယ်။
ဒီပါမား အသက် ၅၃ နှစ်မှာ မိတ်ဆွေတစ်ယောက်က မဟာစည်ရိပ်သာကို အတူတူ ဝင်ဖို့ပြောတယ်။ ၃ ရက်မြောက်နေ့မှာပဲ သမာဓိအားက ကြီးကြီးကျယ်ကျယ် စူးရောက်တယ်။ အအိပ်အနေ မရှိတော့ဘူး။ အစားစားလိုစိတ် မရှိတော့ဘူး။ ဉာဏ်အလင်းရခါနီး အတွင်းပိုင်း နိမိတ်တွေပြလာတယ်။ တရားကျင့်ရင်း ပထမအဆင့် အနေနဲ့ သူ့ရဲ့ သွေးခုန်နှုန်းဟာ ပုံမှန်ပြန်ဖြစ်သွားတယ်။ ယခင်က ရှိနေတဲ့ နှလုံးတုန် ရင်တုန် မောပန်းတာတွေ တဖြည်းဖြည်း လျော့နည်းသွားတယ်။ လှေကားတောင် မတက်နိုင်တဲ့ ချိနဲ့မှုကနေ ပြန်ပြီး ဖျတ်လတ်လာတယ်။ ဟိုတုန်းက အိပ်မက်ထဲမှာ ရှင်တော်ဗုဒ္ဓ ပြောသလိုပ။ သူမရဲ့ ဝန်ထုပ်ကြီးဟာ လျော့ကျ ပေါ့ပါးသွားပြီ။
ဒီပါမားဟာ အိမ်နဲ့ တရားရိပ်သာကို သည်ဟို ကူးနေခဲ့တယ်။ တဆင့်ထက် တဆင့် ဉာဏ်စဉ်တွေ ပိုပြီး ထက်သန်ဖို့ ရှုမှတ်နေတယ်။ ( ဝိပဿနာမှာ ဉာဏ်စဉ် ၄ ဆင့်လို့ ဆိုကြတယ်။ ) အသိတွေအမြင်ကတော့ အံ့ဖွယ်ပါပဲ။ ချိနဲ့ ညှိုးနွမ်း ဖိစီးနေတဲ့ မိန်းမ တစ်ယောက်ဟာ ကျန်းမာဖျတ်လတ်ပြီး ရွှင်လန်းနေတဲ့ မိန်းမတစ်ယောက်အဖြစ် ပြောင်းလဲခဲ့ပြီ။
ဒီအပြောင်းအလဲကြီးကို မိသားစုရော မိတ်ဆွေတွေရော သူ့သမီးပါမကျန် လက်ခံပြီး ဒီပါမားနဲ့ တရားစခန်းတွေမှာ လိုက်ဝင်ကြတယ်။ ပထမဆုံး အတူကျင့်ကြံတာက ညီမဖြစ်သူ၊ ကလေး ၈ ယောက်အမေ။ ကလေး ၅ ယောက်က သူမနဲ့အတူ။ ကျောင်းပိတ်ရက်တွေမှာဆိုရင် ဒီ အိမ်ရှင်မ အမေ ၂ ယောက်က (ဒီပါမားရဲ့ သမီး အပါအဝင်) ကလေး စုစုပေါင်း ၆ ယောက်နဲ့ အတူ နေရတယ်။ ဒါပေမဲ့ သူတို့တွေဟာ စည်းနဲ့ကမ်းနဲ့နေတယ်။ ဆိတ်ဆိတ်နေတယ်။ မျက်လုံးချင်းမဆုံ။ နေ့လွဲစာ မစား။
အိမ်ရှင်မတို့ရဲ့ တရားသည်(သယ်)
၁၉၆၇ မှာ ဗမာပြည်အစိုးရက နိုင်ငံခြားသားတွေ နေရပ်ပြန်ဖို့ အမိန့်ထုတ်တယ်။ တစ်ကိုယ်တည်း အမေတစ်ခု သမီးတစ်ခု ရုန်းကန်နေရတဲ့ မိခင်ဖြစ်လို့ ဘုန်းကြီးတွေက နေလိုက နေပါဆိုပြီး ပြောပေမဲ့ ဒီပါမားဟာ သမီးရဲ့ ပညာရေး လူမှုရေး အခွင့်အလမ်းတွေအတွက် ရန်ကုန်ကို စွန့်ပြီး ကာလကတ္တားကို ပြောင်းပါတယ်။
ကာလကတ္တားလို နေရာမျိုးမှာတောင် သူတို့ ခြိုးခြိုးခြံခြံ နေကြတယ်။ အိမ်သာကို သူများမိသားစုနဲ့ မျှသုံးတယ်။ ကျိတ်စက်တစ်စက်ရဲ့ အပေါ်ထပ်မှာ နေတယ်။ ရေကို ဆွဲသုံးရတယ်။ မီးဖိုလေးက မြေစိုက်မီးဖိုလေး။ ဒီပါမားကိုယ်တိုင်က ပါးလျနေတဲ့ ကောက်ရိုးဖျာလေးပေါ်ပဲ အိပ်တယ်။
ဗမာပြည်က တရားပြဆရာမ ကာလကတ္တားကို ရောက်နေတယ်ဆိုတော့ အိမ်ရှင်မတွေဟာ သူတို့ရဲ့ မပြီးမစီးနိုင်တဲ့ အလုပ်တွေကြားက စိတ်အေးချမ်းဖို့အတွက် အလုပ်တစ်ဖက်နဲ့ တရားနာ လာကြတယ်။ ဒီပါမားဟာ တစ်ယောက်ချင်းအတွက် တရားကို နားထောင် ညွှန်ကြားပေးတယ်။ လူတိုင်းစေ့ ပြောပေးပြီး ဒါကို အလုပ်ရှုပ်တယ်လို့ နည်းနည်းမှ မဆိုပါ။
တရားငတ်သူ ဖေးမ,ကူ
တကယ်တော့ ဒီပါမားရဲ့ အိမ်ရှင်မတွေကို တရားပြတာဟာ ဗမာပြည်မှာကတည်းက ရှိခဲ့ပါတယ်။ ကလေး ၆ ယောက်အမေ မုဆိုးမ တစ်ယောက်ဟာ စိတ်ရဲ့ ငြိမ်းချမ်းမှုကို လိုချင်တယ်။ နို့တိုက်နေရဆဲ ကလေးတောင် ရှိတော့ ကလေးတွေကို ပစ်ထားရလို့လည်း မဖြစ်နဲ့ ဗျာများနေပါတယ်။ ဒီပါမားက ကလေးတွေကို ထိန်းကျောင်းပြုစုရင်း သတိတရားပွားများဖို့ လေ့ကျင့်ဖို့ ပြောတယ်။ ပြောတဲ့အတိုင်းပဲ အဲ့ဒီမုဆိုးမ အမျိုးသမီးဟာ ဉာဏ်စဉ် ပထမအဆင့်ကို ရရှိသွားတယ်။
ကာလကတ္တားမှာလည်း အဲလိုပဲ။ မိခင် အိမ်ရှင်မ တစ်ယောက်။ စီးပွားရေးလည်း လုပ်ရ။ စိတ်ပေါ့သွပ်နေတဲ့ သားဖြစ်သူလည်း စောင့်ရှောက်ရနဲ့ ဗျာများနေတယ်။ တရားကျင့်ဖို့ ပြောတော့ ဘယ်ချိန် ကျင့်ရမှာလဲ ပြန်မေးတယ်။ ဒီပါမားက လူဆိုတာ ပြဿနာတွေ ဘယ်တော့မှ မပြီးဘူး။ အဲဒီတော့ ဒီအလုပ်တွေလုပ်ရင်းပဲ ဝေဒနာကို သတိနဲ့ သိရမယ်။ ငါးမိနစ်ရရင် ငါးမိနစ်ထိုင်ပါလို့ ပြောတယ်။ အဲ့ဒီအမျိုးသမီးဟာ ငါးမိနစ်ပဲ ထိုင်ရာကနေ တရားရဲ့ အရသာကြောင့် အချိန်ရှာပြီး နာရီများစွာ ထိုင်ဖြစ်သွားတယ်။
ဒီပါမားဟာ ဒီလိုနဲ့ အိမ်ထောင်ရှင်မ အတော်များများကို အိမ်မှုကိစ္စလုပ်ရင်း တရားရှာနည်းတွေကို သင်ပြပေးနိုင်ခဲ့တယ်။ ဒါကြောင့် တပည့်မတစ်ယောက်က သူ့ကို အိမ်ရှင်မတို့ရဲ့ တရားသည်လို့ ခေါ်ခဲ့တယ်။ အိမ်မှုကိစ္စတွေထဲမှာ ပိတ်မိနေရတဲ့ မိခင်တွေ အိမ်ရှင်မတွေလည်း တရားရနိုင်တယ်ဆိုတာ ဒီပါမားက စံပြုသက်သေတစ်ခု ဖြစ်လာတယ်။ ဒီပါမားဟာ အပိုစကား မပြော။ သူသိတဲ့ ကျင့်တဲ့ တရားကို လိုသူအတွက် ဟောပေးတယ်။ ကျန်တဲ့အချိန်မှာ ဆိတ်ဆိတ်နေတယ်။
၁၉၈၉ မှာ ဒီပါမား ကွယ်လွန်တယ်။ သူ မကွယ်လွန်ခင်ထိ နေ့ရောညပါ တပည့်သာဝကတွေ လာပြီး တရားမေးကြတယ်။ အနောက်တိုင်းမှာရော ကာလကတ္တားမှာပါ ရာိဲ့ချီတဲ့ တပည့်တပန်းတွေအဖို့ နေ့ညမပြတ် တရား ကျင့်နည်းတွေ ဖြေကြားပေးနေခဲ့တယ်။ သူ့သမီးက ကိုယ့်ဖို့ကိုယ် အချိန်ပေးပါလို့ ပြောတယ်။ ဒီပါမားကတော့ အမြိုက်တရားကို ဆာလောင်သူတွေ လာကြပါစေပဲ။
Reference: Who was Dipa Ma ?
For further reading
ဒီပါမာ
ဝိပဿနာတရားပြဆရာမကြီးတစ်ဦး၏ ရုပ်ပုံလွှာ
Original English Version


Post a Comment