အား ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က ဘာလဲ။ ရူပဗေဒသမားအတွက်က အတော်ဆန်းကျယ်တဲ့ စကားလုံးပါ။ အားဆိုတဲ့ နက်ရှိုင်းလို့ တွန်းခြင်း သို့မဟုတ် ဆွဲခြင်းလို့ပဲ အလွယ်ဆိုရအောင်ပါ။

အရစ္စတိုတယ်ကပြောတယ်။ အားဆိုတာ ဝတ္ထုရွေ့ဖို့ ပေးရတဲ့ အရာတဲ့။ သူပြောတာလည်း ဟုတ်တာပဲ။ လှည်းတစ်စီး ရွေ့စေချင်တယ်။ ဘာလုပ်ရမလဲ။ တွန်းရမှာပေါ့။ ဒါမှမဟုတ် ဆွဲရမှာပေါ့။ ဒါ အားတစ်ခု သက်ရောက် လိုက်တာပဲ မဟုတ်လား။


ပြင်ပအား သက်ရောက်မှု မရှိရင် ဝတ္ထုဟာ ငြိမ်နေတယ်။ မရွေ့ဘူး။ အီနားရှားပုံစံမှာ ရှိနေတယ်။ အီနားရှား ဆိုတဲ့ ဝေါဟာရက ဘာလဲ။ အီနားရှားဆိုတာ ပြင်ပကနေ အားတစ်ခု မသက်ရောက်စေတဲ့ အခြေအနေကို ပြောတာပါ။ ဆိုလိုတာကတော့ ပြင်ပကနေ အားတစ်ခု မသက်ရောက်ရင် ဝတ္ထုသည် ရပ်နေရာကနေ မရွေ့။ ပြင်ပကနေ အားတစ်ခု မသက်ရောက်မချင်း အီနားရှား ဖြစ်နေဆဲ။ အရစ္စတိုတယ် ပြောချင်တဲ့ အီနားရှားဆိုတာ ရပ်တည်နေမှု။

ဂယ်လီလီယိုကတော့ အဲ့လို မတွေးဘူး။ ဝတ္ထုဟာ အီနားရှားဖြစ်နေတာ ရပ်တည်နေမှ မဟုတ်ဘူး။ ပြင်ပအား မသက်ရောက်ဘဲ ရွေ့လျားနေတဲ့ အခါတွေ ရှိတယ်တဲ့။ စိတ်ကူးကြည့်ပါ။ ဘောလုံးတစ်လုံးပြေးဖို့ လမ်းကြောင်းပါတဲ့ ရာဘာပြားတစ်ပြားကို ကွေးမယ်။ ပြီးရင် အဲ့ဒီ လမ်းကြောင်းကို ချောဆီသုတ်ပြီး ဘောလုံး တင်လိုက်မယ်။ ဒီဖက်အကွေးကနေ ဘောလုံးကို စလှိမ့်ချလိုက်မယ်။ လမ်းကြောင်း အကွေးလေးအတိုင်း ကွေးတက်သွားပြီး ဟိုဘက် အကွေးထိပ် အရောက် ဒီဘက်ကို ပြန်လှိမ့်ဆင်းလာမယ်။ နောက်တော့ ကြာလာတော့ တဖြည်းဖြည်း ရပ်တန့်သွားမယ်။ ချောဆီသာ သုတ်မထားရင် ရပ်တာ အချိန် ပိုမြန်တယ်။

ဒီစမ်းသပ်ချက်ကနေ ဘာတွေ မြင်သွားသလဲ။ ဘောလုံးဟာ လမ်းကြောင်းကို ချောဆီ သုတ်လိုက်တဲ့ အခါမှာ ချောဆီ မသုတ်ထားတဲ့ အခါထက် ပိုပြီး ကြာကြာ သွားနေတယ်။ ဟိုဖက်ထိပ်ကနေ ဒီဖက်ထိပ် ကူးနေတယ်။

ဒီစမ်းသပ်ချက်က ဘာကိုပြောချင်တာလဲ ဆိုတော့ ရွေ့လျားခြင်းနဲ့ ပြင်ပအားတို့ အကြောင်းပါ။ ဘောလုံးနဲ့ ရာဘာပြား လမ်းကြောင်း ကြားမှာ ပွတ်မှုအား တစ်ခု ရှိနေတယ်။ ဒီပွတ်မှုအားဟာ ပြင်ပ သက်ရောက် အားပဲ။ ဒီပွတ်မှုအားကြောင့် ဝတ္ထုတွေ ရပ်တယ်။ မြဲတယ်။ ချောဆီ သုတ်လိုက်တာဟာ ပွတ်မှုအားကို နည်းစေတယ်။ ဒါကြောင့်ပဲ တော်တော် ကြာကြာမှ ဘောလုံးလေး လှိမ့်နေတာဟာ ရပ်တန့်တယ်။

ပွတ်မှုအားနည်းလေ ဘောလုံးလှိမ့်တဲ့အချိန် အကန့်အသတ်များလေ ပွတ်မှုအားများလေ ဘောလုံး လှိမ်တဲ့အချိန် အကန့်အသတ်နည်းလေ။ ဒါဆိုရင် ပွတ်မှုအားဆိုတာ လုံးဝ မရှိရင်ရော။ ဘယ်လို ဖြစ်မယ် ထင်သလဲ။ ဘောလုံး လှိမ့်နေမယ့် အချိန်ဟာလည်း အကန့်အသတ်မဲ့သွားမှာပေါ့။ တစ်နည်း ဘောလုံးဟာ ထာဝရ ရွေ့နေတော့ မှာပေါ့။ ပြင်ပသက်ရောက်အား ဆိုတာ လုံးဝ မရှိရင် အဲ့ဒီဝတ္ထုဟာ လွတ်လွတ်လပ်လပ် ထာဝရ ရွေ့နေမှာပေါ့။

ဂယ်လီလီယိုက ပြင်ပက သက်ရောက်အား မရှိမချင်း ဝတ္ထုဟာ ဆက်ရပ်တည်နေမယ်။ ဒါမှမဟုတ်ရင် ရွေ့နေတယ်ဆိုလည်း ရွေ့လျားတဲ့ပုံစံ မပြောင်းလဲဘဲ ဆက်လက် ရွေ့လျားနေတဲ့ ဂုဏ်သတ္တိကို အီနားရှားလို့ ခေါ်ကြောင်း အရစ္စတိုတယ်ရဲ့ အီနားရှားကို တစ်ခု ထပ်တိုးလိုက်ပါတယ်။

အီနားရှားမှာ ရွေ့လျားမှုပုံစံ မပြောင်းလဲဘဲ ဆိုတာ ဘာကို ပြောတာလဲ။ ဂယ်လီလီယိုကတော့ အဖြောင့် ပုံစံအတိုင်း တသတ်မတ်တည်း ရွေ့နေတာလို့ ဆိုတယ်။ လမ်းကြောင်းမှာ ချိုင့်တွေ ခွက်တွေ မပါတာပေါ့။ ဒါကို တသတ်မတ်တည်း ရွေ့လျားခြင်းလို့ ခေါ်တာပါ။ တသတ်မတ်တည်း ရွေ့လျားခြင်းဆိုတာ ဘာလဲ။ အခြေအနေတွေကို တသတ်မတ်တည်း ဖြစ်တယ် မဖြစ်ဘူးဆိုတာ ဘာကိုကြည့် ဆုံးဖြတ်သလဲ။ လမ်းကြောင်းမှာ ချိုင့်တွေ ခွက်တွေ ပါလာရင်ရော။ ဒါကို ဘာလို့ တသတ်မတ်တည်းလို့ မခေါ်တော့တာလဲ။ စိတ်ကူးကြည့်ပါဦး။

စက်ဘီးတစ်စီး မူသေအလျင်တစ်ခုနဲ့ နင်းလာတယ်။ လျှောစောင်းတစ်ခု ရောက်သွားတဲ့အခါ ဖရောဆိုပြီး မူသေနှုန်းထားနဲ့ နင်းနေတာကို ပိုမြန်လာတယ်။ ဒါကို အရှိန်ရသွားတယ် ခေါ်မှာပေါ့။ နောက်တော့ အစကလို မူသေအလျင်နဲ့ပဲ ဆက်နင်းမယ်။ လမ်းမပေါ်က ချိုင့်ခွက်ထဲ ကျသွားတယ်။ အလျင်လျော့သွားတာပေါ့။ အရပ်သုံးဆို အရှိန်လျော့ သွားတယ်ပေါ့။ တကယ်က ဆုတ်ရှိန်တစ်ခု ဖြစ်ပေါ်တယ်လို့ ခေါ်ပါတယ်။ ဒါဆို အလျင်ဆိုတာ ဘာလဲ။ အရှိန်ဆိုတာ ဘာလဲ။ ဆုတ်ရှိန်ဆိုတာ ဘာလဲ။

အလျင်ဆိုတာ အချိန်နဲ့ လိုက်ပြီး တည်နေရာ ပြောင်းနေတာကို ခေါ်ပါတယ်။ စက်ဘီးဟာ ပထမ တစ်စက္ကန့်မှာ ငါးကိုက် ဒုတိယ တစ်စက္ကန့်မှာလည်း ငါးကိုက် တတိယတစ်စက္ကန့်မှာလည်း ငါးကိုက် ဒီလို တစ်စက္ကန့်ခြားလေးတိုင်း ငါးကိုက် သွားနေရင် ဒါဟာ မူသေအလျင်ပဲ။ မူသေအမြန်လို့လည်း ခေါ်နိုင်တယ်။ မူသေအမြန် တစ်စက္ကန့်လျှင် ငါးကိုက်စီနှုန်းဖြင့်လို့ ဆိုနိုင်ပါတယ်။

နောက်တစ်ခု အရှိန်။ ခြုံငုံပြီး ပြောရရင် အရှိန်ဆိုတာ အလျင် မြန်/နှေးဖြစ်ပေါ်တာကို ခေါ်တာပါ။ တစ်နည်း အလျင်ပြောင်းလဲတဲ့ နှုန်းကို အရှိန်လို့ ခေါ်တာပါ။ လျှောစောင်းလေးဆီ ရောက်တော့ မူသေတစ်စက္ကန့် ငါးကိုက်ကနေ ဆယ်ကိုက်လောက် ဖြစ်သွားတယ်။ ဒါအလျင် ( ဝါ ) အမြန်တိုးလာတာပဲ။ ဒီလို အလျင် တိုးလာတာဟာ အရှိန်ဖြစ်လာတာပဲ။ နောက်တစ်ခု ဆုတ်ရှိန်။ ဆုတ်ရှိန်ဆိုတာ စက်ဘီးက ချိုင့်ခွက်ထဲ ကျသွားတဲ့အခါ အလျင် လျော့သွားတယ်။ အမြန်လျော့ သွားတယ်ပေါ့။ ဒါလည်း အရှိန် တစ်ခုဖြစ်လာတာပါပဲ။ ဒါပေမယ့် ဒါကိုတော့ ဆုတ်ရှိန်လို့ ခေါ်ပါတယ်။


မူလက တသတ်မတ်တည်းဆိုတဲ့ စကားစုက ဘာကိုဆိုလိုသလဲဆို အဲ့သလို ချိုင့်တွေ ခွက်တွေ အလျှောတွေ မရှိတဲ့ ပြင်ညီမျက်နှာပြင်လို့ ပြောချင်တာပါ။ တကယ်တော့ ချိုင့်တွေ ခွက်တွေ လျှောစောင်းတွေ မတ်နေတဲ့ ကုန်းတွေ မရှိဘူးဆိုတာ မူသေအလျင် တစ်နည်းဆို မူသေအမြန်နဲ့ သွားနေတာလို့ ပြောတာပဲ မဟုတ်လား။ ဒီတော့ အီနားရှားဆိုတဲ့ အယူအဆကို ပြင်ပက အားတစ်ခု သက်ရောက်မှု မရှိမချင်း ရပ်နေတဲ့ ဝတ္ထုဟာ ရပ်မြဲ ရပ်နေမယ်။ မူသေအလျင်နဲ့ ရွေ့နေတဲ့ ဝတ္ထုဟာ မရပ်မနား ဆက်လက်ရွေ့နေမယ့် ဂုဏ်သတ္တိလို့ သတ်မှတ်လိုက်ပါတယ်။


နယူတန်ရဲ့ နာမည်ကြီးစကားလေး တစ်ခွန်းရှိပါတယ်။ သူဟာ အကျော်အမော် တကယ့် အထွန်းတွေရဲ့ ပခုံးပေါ်က ရပ်ကြည့်ခွင့်ရလို့သာ လူတကာထက် ပိုပြီး မြင်နိုင်ခဲ့တာါတဲ့။ အခု ဒီအီနားရှား ကိစ္စမှာလည်း ဂယ်လီလီယိုရဲ့ ပခုံးထက်ကနေ ရပ်ကြည့်ရာက နယူတန်ရဲ့ ရွေ့လျားမှု ပထမနိယာမကို ဖော်ထုတ် နိုင်ခဲ့ပါတယ်။ ပထမနိယာမက ရှင်းရှင်းကလေးရယ်ပါ။ အီနားရှားဆိုတာ အယူအဆသာ မဟုတ်။ တကယ့် နိယာမပါတဲ့။ မှန်ကန်တဲ့ ဥပဒေသ တစ်ခုပါ။ ပြင်ပက အားသက်ရောက်မှု မရှိမချင်း ရပ်နေတဲ့ ဝတ္ထုဟာ ရပ်မြဲ ရပ်နေမယ်။ မူသေအလျင်နဲ့ ရွေ့နေတဲ့ ဝတ္ထုဟာ မရပ်မနား ဆက်လက်ရွေ့လျားနေမယ်။

ဂယ်လီလီယိုရဲ့ အီနားရှားနိယာမကို ပြန်ကြည့်ရင် အီနားရှားဆိုတာ ရွေ့လျားခြင်းနဲ့ ပြင်ပကနေ သက်ရောက်တဲ့ အားရဲ့ အဆက်အစပ်သာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက အီနားရှားအရ ပြင်ပကနေ သက်ရောက်အား များလေလေ အမြန်ပြောင်းလဲနှုန်း ဝါ အရှိန်ဟာ ပိုရှိနိုင် လေလေပါပဲ။ ပြင်ပသက်ရောက်တဲ့ အားက ဝတ္ထုကို ပြေးအောင် တွန်းပေးတဲ့ အားဆို အရှိန်ရမယ်။ ပြေးနေတာ လျော့အောင် လုပ်ပေးတဲ့ အားဆို ဆုတ်ရှိန်ရမယ်။ ဒီအသိသညာကို နယူတန်က တွေးမိတယ်။ အီနားရှားဥပဒေသမှန်ကန်တယ်ဆို ဒီပြင်ပအားနဲ့ အရှိန်တို့ရဲ့ ဆက်စပ်ချက်လည်း မှန်ရမှာပဲ ဆိုပြီး နယူတန်က လုံးဝ ယုံကြည်ခဲ့ပါတယ်။ ဒါက သူ့ရဲ့ ကျော်ကြားတဲ့ ညီမျှခြင်းဖြစ်တဲ့ အား = ဒြပ်ထု × အရှိန်ကို ထွက်ပေါ်လာစေပါတယ်။

နယူတန်ရဲ့ ဒုတိယနိယာမဖြစ်တဲ့ သက်ရောက်အားနဲ့ လိုက်ပြီး ဝတ္ထုရဲ့ အရှိန်ဟာ ပြောင်းနေတယ် ဆိုရာမှာ သက်ရောက်အားအယူအဆကို နည်းနည်း ဖြည့်ပြီး နားလည်စေချင်ပါတယ်။ စဉ်းစားကြည့်ပါ။

ညီညီဟာ ဘီရိုကြီးတစ်လုံးကို ဒီဘက်ကနေ အား(က) နဲ့ တွန်းနေတယ်။ တစ်ဖက်ကလည်း ကိုကိုက အား(ခ) နဲ့ ညီညီ့ဘက်ကို ပြန်ပြီးတွန်းနေတယ်။ ကိုကိုတွန်းတဲ့ အားနဲ့ ညီညီက တွန်းတဲ့ အား ဒီအား ၂ ခုဟာ ပမာဏ တူသွားရင် တစ်ခုကို တစ်ခု ချေဖျက်ပြီးသား ဖြစ်နေလို့ သက်ရောက်နေတဲ့ အားကသုည ဖြစ်နေပြီ။ ဘီရိုကြီး မရွေ့တော့ဘူး။

ဒါပေမယ့် အစ်ကိုဖြစ်တဲ့ ကိုကိုက အားပိုသန်တော့ ပိုအားစိုက်လိုက်တာ အား(ခ) က သာသွားတဲ့အခါ ဘီရိုကြီးက အား(ခ) ရဲ့ လားရာဘက် အတိုင်း ညီညီဘက် စရွေ့လာတော့တယ်။ ညီညီ့ဘက်ကို ရွေ့လာတဲ့ ဘီရိုကြီးရဲ့ ရွေ့သွားနေတဲ့ အရှိန်နဲ့ ပက်သက်တဲ့ သက်ရောက်အားက အား(ခ)လား။ အား(က)လား။ မဟုတ်ပါ။ ထိုအားကိုမှ နယူတန်ရဲ့ ဒုတိယနိယာမက ပြောတဲ့ လက်ခံတဲ့ သက်ရောက်အား ခေါ်ပါတယ်။ အားသစ် တစ်ခုပါ။ အား(ဂ) = အား(ခ) – အား(က) ပါ။ ဒီတော့ အဲ့ဒီ ဘီရိုရဲ့ ရွေ့သွားတဲ့ အရှိန်ကို လိုချင်ရင် ဘီရိုရဲ့ ဒြပ်ထုကို သက်ရောက်အားဖြစ်တဲ့ အား(ဂ)ကို စားပေးရမှာပါ။

ဂယ်လီလီယိုရဲ့ အီနားရှားကနေ တစ်ဆင့် နယူတန် သိခဲ့တာက နိယာမ ၂ ခုပဲလား။ နောက်ဆုံး ရွေ့လျားမှု နိယာမတစ်ခု ကျန်ပါသေးတယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ်ဆိုပြီး အစုံလိုက် ဒွန်တွဲ နေတဲ့သဘောကို ဒသနမှာလည်း ခဏခဏ ယူသုံးလေ့ ရှိကြပါတယ်။ ရူပဗေဒ ရှုထောင့်က ကြည့်ရင်တော့ ဒီလိုပါ။

ဘောလုံးတစ်လုံးကို နံရံစီ ပစ်ပေါက်လိုက်တယ် ဆိုပါစို့။ ဘောလုံးကို အား(က)နဲ့ ပစ်ပေါက်လိုက်ရင် အား(က)နဲ့ ပမာဏတူ လားရာ ဆန့်ကျင်တဲ့ အားတစ်ခုကို နံရံက ဘောလုံးစီ ပြန်ကန်တယ်။ စဉ်းစားကြည့်ပါ။

နယူတန်ရဲ့ ဒုတိယနိယာမအရ သီတင်းကျွတ်ကာလမှာ ဆွဲတဲ့ မီးပုံး ကားလေးတစ်စီးကို အရှိန်တစ်ခုရအောင် အားတစ်ခု ပေးလိုက်မယ်။ အရှေ့မှာ အပြားတစ်ပြား ဖြစ်ဖြစ်ကို ခိုင်အောင်လို့ သေချာ ထောက်ကလေးနဲ့ ထောက်ထားမယ်။ ခုနက အားသက်ရောက်လို့ အရှိန်ရလာတဲ့ အရုပ် ကားလေးက ရှေ့က အပြားလေးကို ဝင်တိုက်မယ်။

ဒီဖြစ်စဉ်မှာ သေချာကြည့်ရင် ကားက အပြားကို အားတစ်ခု သက်ရောက်တယ်။ အပြားက တန်ပြန်အားတစ်ခု ကားလေးစီ သက်ရောက်မယ်။ တစ်ချိန်တည်းမှာ အပြားက ထောက်ကလေးကို အားတစ်ခု သက်ရောက်မယ်။ ထောက်ကလေးက ပြန်ပြီး အားတစ်ခု သက်ရောက်ပေးမယ်။ ဒီလိုနဲ့ ကားသာ ရပ်သွားတယ်။ အပြားလေးမလဲ။ တကယ်လို့ ကားဆီ ပေးလိုက်တဲ့ ပထမအားကိုက တအား များနေရင် ထောက်ကနေရော အပြားကနေပါ ပြန်ချေဖျက်နိုင်မှာ မဟုတ်ဘူး။

ခုနကဘောလုံးဥပမာပဲ ပြန်စဉ်းစားကြည့်ပါ။ ဘောလုံးကို အဆမတန် အားအကြီးကြီးပေးလိုက်လို့ အုတ်နံရံက အားတစ်ခု ပြန်သက်ရောက်ငြား မချေဖျက်နိုင်ခဲ့ရင် အုတ်နံရံကြီး အက်သွားမယ်။ အနုစိတ် ဝင်ကြည့်ရင် ဘောလုံးကနေ သက်ရောက် အားကြောင့် အုတ်နံရံရဲ့ အက်တမ်တစ်လုံးစီဟာ ရွေ့လျားကုန်မယ်။ ဒါကြောင့် အက်ပါထွက်ကုန်တာ။

ဂယ်လီလီယိုနဲ့ နယူတန်တို့ဟာ ချီးကျူးဖွယ်ပုဂ္ဂိုလ် အစစ်တွေပါ။ ဂယ်လီလီယိုဟာ သူ့ခေတ်သူ့အခါ ကိရိယာ မစုံတာတောင် သွေးခုန်နှုန်းကို အချိန်တိုင်း အဖြစ်သုံးလို့ အီနားရှားလို သဘောတရားတွေ ဝက်ဝက်ကွဲ ထုတ်ပြနိုင်ခဲ့ပါတယ်။ နယူတန်ဟာလည်း အီနားရှားကို အရင်းတည်ပြီး ရွေ့လျားမှု နိယာမတွေ ဆက်ဖော်ထုတ်ခဲ့ပါတယ်။ တခြား သူတို့ တွေ့ရှိတဲ့ သဘောတရားတွေ မပြောသေးပါ။ ရူပဗေဒခရီးကို စပေးလိုက်တဲ့ အီနားရှားဆိုတဲ့ ပထမဆုံး သဲလွန်စ အကြောင်းသာ ဖြစ်ပါတယ်။



ဘာသာပြန် ရှင်းလင်းချက်

အီနားရှား = inertia

အရှိန် = accelaration

ဆုတ်ရှိန် = decelaration

အလျင် = velocity

မူသေအလျင် = constant velocity

တသတ်မတ်တည်း ရွေ့လျားခြင်း = uniform motion

ဒြပ်ထု = mass

အား = force

ပြင်ပသက်ရောက်အား = external Force

သက်ရောက်မှု = action

တန်ပြန်သက်ရောက်မှု = reaction

Post a Comment

أحدث أقدم