ရှေးခေတ် ဂရိဒဿနကို လေ့လာတဲ့အခါ ဆော့ခရတ္တိခေတ် မတိုင်မီနဲ့ ပြီးနောက်ဆိုပြီး လူကြီးမင်းတို့အနေနဲ့ ၂ ပိုင်းခွဲ တွေ့ရမှာပါ။ မတိုင်မီခေတ်မှာ ရှိမှုဗေဒကို အလေးပေးတယ်။ ဆော့ခရတ္တိ မတိုင်ခင်က ပေါ်ပေါက်လာခဲ့တဲ့ တွေးခေါ်ရှင်တွေက BC 600 ကနေ BC 400 ခန့်ကြားမှာ ပေါ်ပေါက် လာခဲ့ကြတာပါ။ သူတို့ဟာ သဘာဝလောကနဲ့ စကြဝဠာအကြောင်း အဓိက ဆွေးနွေးကြပါတယ်။ စကြဝဠာ ဘယ်လိုဖြစ်သလဲ။ ဘာတွေနဲ့ အခြေခံထားလဲ။ စတဲ့ မေးခွန်းတွေကို မေးခဲ့ကြပါတယ်။ ရှိမှူဗေဒဆိုင်ရာ ပြဿနာတွေကို ထုတ်ပြီး ဆွေးနွေးကြပါတယ်။ ဆော့ခရတ္တိ မတိုင်မီဂရိဒဿနမှာတော့ ရှိမှုဗေဒ ontology ဆိုင်ရာ ပြဿနာတွေကို တွေ့ရမှာပါ။

Milesian School ( မိုင်လေစီးရန်းဂိုဏ်း )

အီဂျစ်တွေက ဂရိတွေထက် သိပ္ပံပညာနဲ့စာပေ ယဉ်ကျေးမှူတွေမှာ အရင်စောတယ်။ ဂရိတွေက အီဂျစ်တွေဆီကသာ ရတယ်။ သို့သော် ဂရိပြည်မှာမှ ပိုပြီး တိုးတက်လာတယ်။ မှတ်တမ်းမှတ်ရာ ပြည့်စုံလို့လည်း ဖြစ်နိုင်တယ်။ အနောက်တိုင်း ဒဿနက ဂရိက စတယ်။


ရှေးဦး ဂရိဒဿနမှာမှ မိုင်လေတက်မြို့က ဂိုဏ်းက အဦးဆုံးဂိုဏ်းပါ။ ဒီဂိုဏ်းမှာ သေးလ်၊ အနက်ဇီမင်းဒါး၊ အနက်ဇီမင်းနိတို့ ပါပါတယ်။ မိုင်လေတက်မြို့က နောက်ဆုံး ဘီစီ ၄၉၄ မှာ ပါရှန်းတွေ တိုက်ခိုက်လို့ ပျက်ခဲ့ပါတယ်။

 သေးလ် ( Thales ) က ဘီစီ ၅၈၅မှာ နေကြတ်တာကို ကြိုတင်ပြီး ဟောကိန်းထုတ်နိုင်ခဲ့တယ်။ သေးလ်က မျက်တွေ့လောကဖြစ်တဲ့ ရုပ်လောကက သဘာဝ အကြောင်းတရားတွေကြောင့်ပဲ ပြောင်းလဲတယ်လို့ ယူဆတယ်။ သေးလ်က သဘာဝရဲ့ အခြေခံဝတ္ထုက ရေဖြစ်တယ်။ တနည်း အခြေခံသဘောက စီးဆင်းမှု ဖြစ်တယ်။ မြေ၊ရေ၊လေ၊မီး ဓာတ် ၄ ပါး ရှိတဲ့အနက်က ရေဟာ ပိုအခြေခံကျတယ်လို့ ယူဆတယ်။ ခက်မာ၊ ယိုစီး၊ ပူအေး၊ လှုပ်ရှား သဘောတရားတွေထဲ ယိုစီးတဲ့ သဘောတရားက အခြေခံကျတယ်လို့ ယူတာပဲ ဖြစ်ပါတယ်။

 အနက်ဇီမင်းဒါး ( Anaximander ) က အခြေခံ ဓာတ်ဆိုတာ မရှိဘူး။ ဓာတ်သဘောအရ သမစွာ မျှတနေခြင်းသာ ဖြစ်တယ်လို့ ယူဆတယ်။ ဆန့်ကျင်ဘက် ဓာတ်သဘောတွေ ပေါင်းစပ်ညီညွှတ်နေလို့သာ စကြဝဠာဟာ ဟန်ချက်ညီနေတာလို့ ယူဆသူ ဖြစ်ပါတယ်။ သူက ကမ္ဘာဟာ ဆလင်ဒါပုံ ဖြစ်တယ်လို့ ယူဆတယ်။ လူသတ္တဝါတွေဟာ ငါးလိုရေသတ္တဝါတွေက ဆင့်ကဲတိုးတက်လာတာလို့ သူကစပြောပါတယ်။ ဖန်ဆင်းရှင်ဝါဒကို လက်မခံပါ။

 အနက်ဇီမင်းနိ ( Anaximines ) က ဘီစီ ၄၉၄ လောက်က သေးလ်တို့ အနက်ဇီမင်းဒါးတို့လို ထင်ရှားတဲ့ နောက်ဆုံး Miliesian ဂိုဏ်းသားပါ။ အနက်ဇီမင်းနိက စကြဝဠာကို လေအခြေခံအဖြစ် မြင်ပါတယ်။ လှုပ်ရှားပျံ့နှံ့တဲ့ သဘောလို့ မြင်တာပါ။ အရာရာဟာ လေသဘောပဲလို့ ယူဆပါတယ်။

မိုင်လေတက်ဂိုဏ်းက စကြဝဠာရဲ့ အခြေခံ ဝတ္ထုအကြောင်းကို အများကြီး အလေးထား ကြည့်ကြတာ သိသာတယ်။ သူတို့က အိုလံပစ်ကိုးကွယ်မှု လက်ခံတယ်။ ဘာသာရေးကိုတော့ အများကြီး စိတ်မဝင်စားကြပါ။ အခြေခံဝတ္ထုကို ကြံဆတဲ့ နေရာမှာ ရုပ်ဝတ္ထုတွေအဖြစ် ရှုမြင်ကြတယ်။ ဒါကိုကြည့်ရင် အတွေ့အကြုံအာရုံကို ဦးစားပေးတာ သိသာပါတယ်။ သေးလ်က နေကြတ်တာကို တွက်ချက်ပေးနိုင်တာရယ်၊ အနက်ဇီမင်းဒါးက ကမ္ဘာဟာ ဆလင်ဒါပုံလို့ ဆိုတာရယ်ကို ကြည့်ရင် အီဂျစ်ကနေ သချၤာပညာတွေပါ သင်ကြားဖူးသူတွေ ဖြစ်တာ တွေ့ရပါတယ်။ ဒီ ၃ ယောက်က တစ်မြို့တည်းသာ ဆရာတပည့်တွေ ဖြစ်ကြပါတယ်။ အနက်ဇီမင်းနိက ပိုက်သာဂိုရပ်စ်အပေါ် ဩဇာလွှမ်းမိုးမှု ရှိပါတယ်။ စကြဝဠာရဲ့ အခြေခံဝတ္ထု အယူအဆကလည်း ဒီမိုကရပ်တုအပေါ် လွှမ်းမိုးမှုရှိတယ်။

Pythagorian School ( ပိုက်သာဂိုရပ်စ်ဂိုဏ်း )

ပိုက်သာဂိုရပ်စ်ဂိုဏ်းက Samos စမော့စ်မှာ မွေးတဲ့ အတွေးအခေါ် ပညာရှင် ပိုက်သာဂိုရပ်စ် တည်ထောင်ခဲ့တဲ့ ဂိုဏ်းပါ။ အီဂျစ်ပြည်ကို ပိုက်သာဂိုရပ်စ်ရောက်ပြီး ဂေါ်တွန် Goton မြို့မှာ ဒီဂိုဏ်းကို ဖွဲ့ခဲ့တာပါ။ ရှေ့က မိုင်လေစီးရန်းဂိုဏ်းသားတွေက ရုပ်ကို အဓိကထား ကြည့်ရှုတတ်ကြပေမယ့် ပိုက်သာဂိုရပ်စ်တို့ကတော့ စိတ်ကို အဓိကထား လေ့လာကြသူတွေပါ။

ပိုက်သာဂိုရပ်စ် Pythagoras ကို သချၤာပညာရှင် တစ်ယောက် အနေနဲ့လည်း သိကြမှာပါ။ ဆက်စပ်စွာပဲ သူ့ရဲ့ ဒဿနကလည်း သချၤာကိုပဲ အခြေခံတာပါ။ သူက အရာရာဟာ ရေတွက်ခြင်းအပေါ် မူတည်တယ်လို့ မြင်တယ်။ သချၤာနည်းနဲ့ အရာအတော်များများကို သူက ကြိုးစားဖော်ထုတ်ပါသေးတယ်။ ဥပမာ တူရိယာတွေရဲ့ သံစဉ်တွေကို သချၤာနည်းနဲ့ ဖော်ထုတ်ခဲ့တာမျိုးလိုပေါ့။ ပိုက်သာဂိုရပ်စ်ရဲ့ အယူအဆအားဖြင့် ဝတ္ထုတွေ ကွဲပြားနေခြင်းဟာ အရေအတွက်ကြောင့် ဖြစ်ပါတယ်တဲ့။ နောက်ပိုင်းမှာ သူတို့ဟာ algebra ကနေ geometry ဘက်ကို ကြည့်လာပါတယ်။ လောကကြီးကို တြိဂံတွေ စတုဂံတွေအဖြစ် မြင်လာကြတာပါ။ တွေ့မြင်နေရတဲ့ အရာဝတ္ထုတွေ အဆောက်အအုံတွေအားလုံးဟာ ဒီသချၤာ သဘောတရားကိုတွေကို အခြေခံထားတာ မိတ္တူ ကူးထားတာလို့ ယူဆကြပါတယ်။ ဒီသချၤာ သဘောတရားတွေက စိတ်ကို အခြေခံတယ်။ ဒါကြောင့် စိတ်က စကြဝဠာရဲ့ အဓိကပဲလို့ ယူဆကြပါတယ်။

ပိုက်သာဂိုရပ်စ်က သချၤာကို အခြေခံတဲ့ ဒီစကြဝဠာမှာ ရုပ်ထက်ကို စိတ်ကအရေးပိုကြီးတယ်လို့ ယူဆတယ်။ စိတ်နဲ့ပဲ ဒီသချၤာပုံဖော်မှု အတော်များများကို လုပ်နိုင်လို့ ဖြစ်တယ်လို့ ယူဆပါတယ်။ နောက်ပြီး ပိုက်သာဂိုရပ်စ်က ဘုရားသခင်ကိုလည်း ယုံကြည်သူ ဖြစ်ပါတယ်။ သူက metaphysics တက္ကိက သဘောတွေကို သိမှုဗေဒမှာ ထည့်သွင်းခဲ့တာပါ။ နတ်ဘုရား၊ ဝိညာဉ် စတာတွေက သူ့အတွက်တော့ အရှိတရားတွေပါပဲ။ ဒါကို ကြည့်ရင် ပိုက်သာဂိုရပ်စ်ဂိုဏ်းသားတွေရဲ့ အယူအဆက ဆင်ခြင်စဉ်းစားခြင်း rationality ကို အာရုံမှာသိခြင်း perception ထက် ပိုအလေးထားမှန်း ပေါ်လွင်ပါတယ်။ သူတို့က လောကကြီးကို uniformity နဲ့ regularity တသားတည်းဖြစ်မှု စနစ်ကျမှူတွေကို သချၤာနဲ့ ရှာဖွေသူတွေ ဖြစ်ကြပါတယ်။

လူတွေရဲ့ ခန္ဓာကိုယ်တွေက ဝိညာဉ်တွေ ခေတ္တ ခိုအောင်းရာပဲ ဖြစ်တယ်။ ဒီခန္ဓာကိုယ်တွေကို ဘုရားသခင်က ထိန်းချုပ်ပေးထားတယ်။ အမိန့်တော် မရပါဘဲနဲ့ ဘဝက လွတ်မြောက်ခြင်း မရနိုင်ဘူး။ လွတ်မြောက်ချင်တယ်ဆိုပြီး သတ်သေတာကလည်း အလကားပဲတဲ့။ ဒါကြောင့် လူဟာ ကိုယ့်ကိုယ်ကိုယ် စင်ကြည်အောင် ပြုလုပ်ရမယ်။ ဝိညာဉ်ဟာ ခန္ဓာအိမ် တစ်ခုပြီး တစ်ခု ပြောင်းလဲပြီး ဒီချားရဟတ်က လွတ်ချင်ရင် ကျင့်ကြံမှူတွေ လိုအပ်ပါတယ်တဲ့။ အရှေ့တိုင်း ဘာသာရေးအတွေးအခေါ်နဲ့ ဆင်တူပါတယ်။

ပိုက်သာဂိုရပ်စ်ဂိုဏ်းသားတွေနဲ့ ပက်သက်လို့ ပြောစမှတ် ပြုစရာအချက်ကတော့ ” what is blessing ? ” ကောင်းခြင်းတရားဆိုတာ ဘာလဲလို့ ပထမဆုံး မေးခွန်းထုတ်ခဲ့ကြခြင်းပါပဲ။ သို့သော် သူတို့က ကောင်းခြင်းတရားဆိုတာကို quantitive အရေအတွက် သဘောအားဖြင့် ဖော်ပြခဲ့တာကြောင့် လက်ခံနိုင်စွမ်းမရှိ ဖြစ်ခဲ့ပါတယ်။ သချၤာကိုပဲ သူတို့က အာရုံစိုက်ခဲ့သလို ဖြစ်ပါတယ်။

ပလေတိုးရဲ့ အယူအဆတွေကို ကြည့်ရင် ပိုက်သာဂိုရပ်စ်ရဲ့ လွှမ်းမိုးမှုကို တွေ့ရပါတယ်။ ပလေတိုးက ပိုက်သာဂိုရပ်စ်လိုပဲ စကြဝဠာ တည်မြဲခြင်းဟာ reasonable ဖြစ်တယ်။ perception မဟုတ်ဘူးလို့ ယူဆပါတယ်။

Ephesian School ( အက်ပီစီးယန်းဂိုဏ်း )


အက်ပီးစီးယန်းဂိုဏ်းက Heraclitus ဟေရာကလိုက်တပ်စ်ကို အခြေခံပြီး ပေါ်ပေါက်လာတာပါ။ သူက ပိုက်သာဂိုရပ်စ်တို့ထက် နောက်ကျပါတယ်။ မိုင်လေးစီးရန်းနဲ့ ပိုက်သာဂိုးရီးယန်း ဂိုဏ်းတွေရဲ့ အတွေးအခေါ်တွေကို အယုံအကြည် မရှိသူလည်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ လူတစ်ယောက်ဖြစ်ပြီး မိဘတွေရဲ့ အရိုက်အရာကို မယူဘဲ ကိုယ့်ခြေပေါ်ကိုယ်ရပ် ကိုယ့်သဘာဝနဲ့ နီးစပ်ချင်တဲ့ လူထူးဆန်း တစ်ယောက် ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာနဲ့ နည်းတူ လူအများကိုလည်း သူက အထင်သေးတယ်။ လူတွေဟာ လှုံ့ဆော်မှုရှိမှ လှုံ့ဆော်နေမှ ဖြစ်တဲ့ သတ္တဝါတွေလို့ သူက ယူဆတယ်။ ဒီလို အယူအဆတွေကြောင့် လူတွေက စစ်ကို လိုလားကြတယ်လို့ ဟေရာကလိုက်တပ်စ်က ယူဆတယ်။ စစ်ဆိုတာ ရုန်းကန်ခြင်းပဲ။ တရားမျှတမှုရဖို့အတွက် ရုန်းကန်နေကြရတယ်လို့ သူက ယူဆပါတယ်။

ဟေရာကလိုက်တပ်စ် အယူအဆက လောကမှ ဆန့်ကျင်ဘက်တွေ အများကြီးရှိတယ်။ အဲ့ဒီ ဆန့်ကျင်ဘက်တွေက တစ်ခုနဲ့ တစ်ခု သီးခြားရှိနေတယ်လို့ ထင်ရတယ်။ ဒီဆန့်ကျင်အရာတွေ ပေါင်းလိုက်ရင် အခြေခံက တစ်ခုပဲရှိတယ်တဲ့။ ဒီအတွေးအခေါ်က ဟေဂယ် အပေါ် အများကြီး သက်ရောက်မှူရှိပါတယ်။

ဟေရာကလိုက်တပ်စ်က ရှေ့က တွေးခေါ်ရှင်တွေရဲ့ လွှမ်းမိုးမှုကို မခံရလို့ စကြဝဠာနဲ့ ပက်သက်တဲ့အခါ မတူညီတဲ့ အယူအဆတစ်ခုနဲ့ ချဉ်းကပ်တယ်။ everything is flux ဆိုတဲ့ အရာရာ ပြောင်းလဲနေတယ်ဆိုတဲ့ အယူအဆကို သူက လက်ခံပါတယ်။ ဟေရာကလိုက်တပ်စ် အလိုအရ မြစ်ကစီးနေမြဲမို့ ခုရေက နောက်ရေနဲ့မတူ။ ဒီလိုပဲ အရာရာတိုင်း ဖြစ်ရပ်တိုင်းက ပြောင်းလဲနေတယ်။ ( law of universal change )

ဟေရာကလိုက်တပ်စ်ရဲ့ ပြောင်းလဲခြင်းသီအိုရီက တက္ကိက သဘောတရားတွေဖြစ်တဲ့ ဘုရားသခင်တို့ နတ်ဒေဝတာတွေတို့ကို လက်မခံပါဘူး။ ပြောင်းလဲခြင်းရဲ့ နောက်ကွယ်မှာ ချုပ်ခြယ်ထားခြင်းမရှိ။ အရာရာဟာ ခွင့်ခိုက်ကြုံ chance အရ ပြောင်းလဲနေတာလို့ ယူဆတယ်။

ပြောင်းလဲခြင်း သဘောကို ယုံကြည်တဲ့သူ ပီပီ ဟေရာကလိုက်တပ်စ်က မြေ၊ရေ၊လေ၊မီး ဓာတ် ၄ ပါး ရှိတဲ့အနက်က မီးဟာ ပိုအခြေခံကျတယ်လို့ ယူဆတယ်။ ခက်မာ၊ ယိုစီး၊ ပူအေး၊ လှုပ်ရှား သဘောတရားတွေထဲ လှုပ်ရှားတဲ့ သဘောတရားက အခြေခံကျတယ်လို့ ယူတာပဲ ဖြစ်ပါတယ်။

ဟေရာကလိုက်တပ်စ်က ပြောင်းလဲခြင်း သဘောကို ယုံကြည်ပေမယ့်လည်း မပြောင်းလဲတာက အဲ့ဒီ ပြောင်းလဲတဲ့ သဘောလို့ ယုံကြည်ပြန်ပါတယ်။ မီးကတော့ မပြောင်းလဲဘူး။ အခြေခံပေါ့။ ဒါကို သူက တည်မြဲတဲ့မီး static fire လို့ ဆိုတယ်။

Eleatics School ( အီလိယက်ဂိုဏ်း )

ပါမင်နဒိစ် Parmenides က အရင်က ပိုက်သာဂိုရပ်စ် ဂိုဏ်းသားပါပဲ။ ဒါပေမယ့် နောက်တော့ အီလိယာမြို့မှာ အီလိယက်ဂိုဏ်း ထောင်လိုက်ပါတယ်။ ပါမင်နိဒိစ်ရဲ့ တပည့်တွေထဲမှာ အကျော်ကြားဆုံးကတော့ ဇီနိုပါ။ ပလေတိုရဲ့ ပုံစံသီအိုရီတွေမှာ သူ့ရဲ့ လွှမ်းမိုးမှုကို တွေ့ရပါတယ်။


ပါမင်နိဒိစ်က ဟေရာကလိုင်တက်စ်နဲ့ ပြောင်းပြန်။ ဟေရကလိုင်တက်စ်က အရာရာပြောင်းတယ်တဲ့။ ပါမင်နိဒိစ်က အရာရာမပြောင်းလဲဘူး။ သူလက်ခံတဲ့ အစစ်အမှန် တရားဆိုတာ မပျက်စီးနိူင်တဲ့အရာ၊ အနန္တသဘောပဲ ဖြစ်ပါတယ်။

ပါမင်နိဒိစ်ရဲ့ အယူအဆတွေမှာ အမှန်တရားရဲ့ ရှိမှုဗေဒကို တွေ့ရပါတယ်။ ပါမင်နိဒိစ်က အမှန်တရားကို ရှာဖွေဖို့ အာရုံငါးပါးကြောင့်သိတာ perception ကို အခြေမခံဘူး။ ယုတ္တိဗေဒ logic ကို အခြေခံတယ်။ ဒါကြောင့် သူ့ရဲ့ အယူအဆကို metaphysics based in logic လို့ ခေါ်ကြပါတယ်။

ရှိတဲ့အရာကို ဆင်ခြင်နိုင်တယ်။ မရှိရင်မရ။
ပြောင်းလဲခြင်းဆိုတာ ဖြစ်တာ။ ပျက်တာ။
ဖြစ်တာဆိုတာ မရှိက အရှိကို ပြောင်းလဲတာ။
ပျက်တာဆိုတာ အရှိက မရှိကို ပြောင်းလဲတာ။
ဒါကြောင့် ပြောင်းလဲခြင်းအတွက် ရှိခြင်း မရှိခြင်း ၂ ခုလုံး လိုအပ်တယ်။ ( being and non-being )
ရှိခြင်းကို ရှိလို့ ဆင်ခြင်ကြည့်လို့ရတယ်။ ဒါဆို မရှိခြင်းကရော ?
မရှိခြင်းကို မရှိလို့ ဆင်ခြင်မရဆိုရင် ပြောင်းလဲခြင်းဆိုတာ ရှိခြင်းက ရှိခြင်းကို ပြောင်းလဲတာပဲပေါ့။
ရှိတာက ရှိတာပဲဆိုမှတော့ ဘယ်မှာ ပြောင်းလဲခြင်း ဖြစ်မလဲ။ မပြောင်းလဲခြင်းပေါ့။

ဒီလိုနည်းနဲ့ ပါမင်နိဒိစ်က အမှန်တရားက မပြောင်းလဲလို့ ဆိုတာပါ။ ပြောင်းလဲတယ်ဆိုတာ အမြင်ပဲရှိတယ်။ perception အရပဲ သိနိုင်တယ်။ ဆင်ခြင်ဉာဏ်နဲ့ စဉ်းစားရင် မပြောင်းလဲတာ သိသာတယ်လို့ သူက ယူဆပါတယ်။ ဒီနေရာမှာ ပါမင်နိဒိစ်ကို rationalism ဆင်ခြင်ဉာဏ်အသားပေးဝါဒ ကို လက်ခံသူလို့ ဆိုနိုင်ပါတယ်။

သို့သော် ပါမင်နိဒိစ်ရဲ့ ဆင်ခြေက ယုတ္တိကင်းနေပြန်ပါတယ်။ ပါမင်နိဒိစ်က မရှိကနေ အရှိကို ပြောင်းတာ မဖြစ်နိုင်လို့ ဆိုရာမှာ ဝေါဟာရတွေနဲ့ လည်သွားတယ်လို့ ရပ်ဆယ်လ်က ဆိုပါတယ်။ ဥပမာ မောင်ဘကနေ ဦးဘပြောင်းသွားတာ ငယ်ရာက အိုတာပါပဲ။ အိုခြင်း မရှိရာက အိုခြင်းရှိလာတာပါပဲ။ ဒါကို လုံးဝမရှိက အရှိကို ပြောင်းလာတယ်လို့ ယူရင် မှားပါတယ်။

ရှိခြင်းသဘောကို ဝေါဟာရတပ်ပြီး by name ဖော်ပြရင် အဲ့ဒီ name ရဲ့ နောက်ကွယ်မှာ တစ်ခုခုရှိကို ရှိရပါတယ်။ ဆိုပါစို့။ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ နာမည်ကို သုံးရင် အခု သူရှိသေးသည်ဖြစ်စေ မရှိတော့သည် ဖြစ်စေ၊ သူ့အကြောင်း ပြောနေသေးသည်ဖြစ်စေ၊ မပြောတော့သည်ဖြစ်စေ ဒီဝေါဟာရက အဓိပ္ပါယ်ရှိရှိ ဆက်လက်ရပ်တည်နိုင်ပါတယ်။

Atomists ( အက်တမ်ဝါဒီများ )


အက်တမ်ဝါဒကို စတည်ထောင်တာ လူစီပပ်စ် Leuci Ppus ဖြစ်ပါတယ်။ လူစီပပ်စ်ကို အီလိယက်ဂိုဏ်း အတွေးအခေါ်တွေ လွှမ်းမိုးပါတယ်။ သူကျော်ကြားတာ သူ့တပည့် ဒီမိုကရေတပ်စ် ( ဒီမိုကရေတု ) Democritus ကိုတော့ မမီပါ။ သို့သော် ဒီဆရာ တပည့်ရဲ့ အယူအဆတွေဟာ ခွဲမရအောင် တူညီပါတယ်။

Leucippus လူစီပပ္စ္

Democritus ကို Abdera မှာ မွေးပါတယ်။ ခရီးလှည့်ပြီး ပညာတွေ သင်ကြားခဲ့ပါတယ်။ စကြဝဠာဟာ ရုပ်အခြေခံလို့ ယူကြပေမယ့် ရှေ့ကလို ရေအခြေခံ မီးအခြေံ တနည်း ယိုစီးမှုသဘော အခြေခံ လှုပ်ရှားမှု သဘော အခြေခံရယ်လို့ မတွေးကြတော့ပါ။ အက်တမ် အခြေခံ ဖြစ်တယ်လို့ ယူဆကြပါတယ်။ တကယ်တော့ သူတို့က အက်တမ်ဆိုတာကို ဘာလဲ ရေရေရာရာ မသိကြပါ။ မှန်းဆချက်အရ စကြဝဠာကြီးက အမှုန်များစွာနဲ့ ဖွဲ့စည်းထားတယ်လို့ ယူဆကြပါတယ်။


သဲပြင်ကြီးကို အဝေးက ကြည့်ရင် တသားတည်းလို့ မြင်ရပေမယ့် သဲပြင်က အမှုန်လေးတွေနဲ့ ပြတ်တောင်း သဘောဖြစ်နေတယ်။ သဲပြင်ရဲ့ အရှိတရားဟာ အမှုန်တွေ များပြားတာနဲ့အညီ အများအပြားပဲ ဖြစ်နေပါတယ်။ ပါမင်နဒိစ်ရဲ့ တစ်ခုတည်းသော မပြောင်းလဲဆိုသည့် ရှိခြင်းတရားဆိုတဲ့ monoism တစ်ခုဝါဒနဲ့ အက်ပိဒေါ့ကလိစ်ရဲ့ ဓာတ်လေးပါးကို အချစ်နဲ့ အမုန်း love and strife တို့ အချိုးအဆတွေ ခွဲလိုက်လို့ သမနေတဲ့ စကြဝဠာဖြစ်တယ်ဆိုတဲ့ ဗဟုဝါဒ pluralism တို့ကို အလယ်လမ်းချ ပေးလိုက်တာပါ။


အက်တမ်တွေ ပေါင်းစပ်တယ်။ ဖြစ်တယ်။ အက်တမ်တွေ ပြိုကွဲတယ်။ ပျက်တယ်။ အက်တမ်က အက်တမ်ပဲ။ မပြောင်း။ ထို့ကြောင့် အက်တမ်သည်သာ အမှန်တရား ဖြစ်တယ်လို့ ယူဆကြပါတယ်။

ဆော့ခရတ္တိမတိုင်မီခေတ်မှာ ရှိမှုဗေဒဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးခဲ့ကြပေမယ့် ဆော့ခရတ္တိတို့ ဆိုဖစ်များ ခေတ်ကို ရောက်တဲ့အခါ လူမှုရေးကို အသားပေးလာပြီး သိမှူဗေဒ Epistimology တွေကို အလေးပေး ဆွေးနွေးလာကြပါတယ်။ ကိုယ်ကျင့်တရား morality နဲ့ ပက်သက်ပြီး ဆွေးနွေးလာကြပြီး ကိုယ်ကျင့်ပညာ ethics လည်း ပေါ်ပေါက်လာပါတယ်။ စကားရည်လုပွဲတွေ ကျင်းပကြပြီး သံသယဝါဒ skepticism ဘက်ကို ရောက်တယ်လို့ ရပ်ဆယ်လ်က သူ့ရဲ့ A History of Western Philosophy စာအုပ်မှာ သုံးသပ်ထားပါတယ်။


Post a Comment

أحدث أقدم