ဂရယ်ဗတီကို ဒြပ်ဆွဲအားလို့
ပြန်ကြတယ်။ ဒါပေမယ့် ယေဘုယျ ရလေတစ်ဗတီကို ဖတ်ကြတဲ့အခါ အားဆိုတာထက် ဂရယ်ဗတီကို ဂရယ်ဗတီလို့ပဲ
နားလည်တာ ကောင်းမယ်။
ဝတ္ထု တစ်ခုဆီဟာ ဟင်းလင်းပြင်အချိန်
တစ်ခုစီ ပိုင်တယ်။ ကိုယ်ပိုင် နေရာ ရှိတယ်။ ကိုယ်ပိုင် အချိန်လည်း ရှိတယ်။ ကိုယ်ပိုင်နေရာဆိုတာ
စကြဝဠာထဲမှာ နေရာ တစ်နေရာ ရှိနေတာပါ။ အဲ့ဒီ နေရာမှာ ကိုယ်ပိုင် အချိန် တစ်ခုလည်း ရှိနေပြန်တယ်။
ဒီတော့ ဝတ္ထု တစ်ခုစီတိုင်းမှာ နေရာအချိန် spacetime တစ်ခု ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။
အဲ့ဒီ ဝတ္ထု တစ်ခုစီရဲ့ ကိုယ်ပိုင်
နေရာဟာ တစ်ခြား ဝတ္ထုရဲ့ နေရာကနေ ကြည့်ရင် သူတို့ကြား ကွာခြားတဲ့ အလျင်ပမာဏ ပေါ် မူတည်ပြီး
ရှုံ့ချည် နှပ်ချည် ဖြစ်တတ်တယ်လို့ လောရင့် အလိုက်ပြောင်းအရ သိရပါတယ်။ လောရင့်အရ ဒြပ်ထုနဲ့
အချိန်ဟာလည်း ထိုနည်း လည်းကောင်းပါ။ ဝတ္ထု ၂ ခု နေရာ တစ်နေရာ စီကနေ ကြည့်တဲ့ ဒီလို
နှိုင်းယှဉ်မှုမှာ အလင်းကို နှိုင်းယှဉ်ကြည့်လို့ မရတာဖြစ်လို့ စံထားကိန်းသေ speed
of causality အဖြစ်နဲ့ ထည့်သွင်းထားတယ်။
နောက်ပိုင်းတော့ အထူးရလေတစ်ဗတီမှာ
အိုင်းစတိုင်းက မင်ကောစကီးရဲ့ လေးဘက်တိုင်း အယူအဆနဲ့ လောရင့် အပြောင်းပေါ် အခြေခံပြီး
နေရာအချိန်အဖြစ် တစ်ခုတည်း ယူခဲ့ပါတယ်။ ဝတ္ထု တစ်ခုစီတိုင်းဟာ စကြဝဠာရဲ့ တစ်ပိုင်းတစ်ဒေသကို
ပိုင်ဆိုင်ကြတယ်။ အဲ့ဒါကတော့ နေရာအချိန်ပဲ။ စကြဝဠာထဲမှာ ကျွန်တော်တို့မှာ ကိုယ်ပိုင်
နေရာအချိန် ရှိတယ်။
အမွှာ ၂ ယောက် တစ်ယောက်က အလျင်
မြန်မြန်နဲ့သွားရင် သူ့ရဲ့ ကိုယ်ပိုင်အချိန်ဟာ ရပ်နေတဲ့ အမွှာထက် စာရင် နှေးနေ လိမ့်မယ်။
အဲ့ဒီလို တစ်ယောက်က အလျင်တစ်ခုနဲ့ မြန်မြန်သွားနေတုန်း ရပ်ကျန်နေတဲ့ တစ်ယောက်က ကမ္ဘာကနေ
အလျင်နဲ့ သွားနေတဲ့ တစ်ယောက်ရဲ့ ယာဉ်ကို ကြည့်လိုက်ပါ။ အလျား တိုလွန်းနေတာကို တွေ့ရမယ်။
မျက်စိရဲ့ လှည့်စားမှု မဟုတ်ဘဲ ရပ်နေတဲ့ တစ်ယောက်ရဲ့ ဟင်းလင်းပြင်နေရာနဲ့ ယှဉ်ရင် ပြေးနေတဲ့
တစ်ယောက်ရဲ့ ဟင်းလင်းပြင်နေရာက တိုနေတာသာ ဖြစ်ပါတယ်။ ဒါ့အပြင် တယ်လီစကုပ် ကောင်းကောင်းနဲ့
ကြည့်လိုက်ပါ။ ပြေးနေတဲ့ တစ်ယောက်ရဲ့ နာရီဟာ တဖြည်းဖြည်းပဲ လည်နေတာကို တွေ့ရမှာပါ။
အထူး ရလေတစ်ဗတီမှာ နေရာအချိန်
နှိုင်းယှဉ်ယူဆတဲ့ အချက်တွေကို လူအများက လက်ခံကြပါတယ်။ ဒါပေမယ့် ယေဘုယျ ရလေတစ်ဗတီရဲ့
နှိုင်းယှဉ် ယူဆချက်တွေကတော့ ဝိဝါဒ ကွဲစရာတွေ အများသားပါ။
ယေဘုယျ ရလေတစ်ဗတီက ဆိုတဲ့အတိုင်း
ပိုပြီးတော့ ယေဘုယျ ဆန်ပါတယ်။ ဒြပ်ဆွဲအားဆိုတဲ့ဂရယ်ဗတီကို ထည့်သွင်းလိုက်တာပါ။ ဂရယ်ဗတီဆိုတာလည်း
စကြဝဠာမှာ ကိုယ်ပိုင် နေရာအချိန် တစ်ခုစီ ယူထားတဲ့ ဝတ္ထုတွေရဲ့ အပြန်အလှန် သက်ရောက်မှု
တစ်ခုပါပဲလို့ ယူဆပါတယ်။
နယူတန်ရဲ့ ဒြပ်ဆွဲအားနိယာမဟာ
ဝတ္ထု ၂ ခုကြား အကွာအဝေးပေါ် မူတည်ပါတယ်။ အိုင်းစတိုင်းက အားသက်ရောက်တာ အစား တစ်ခုရဲ့
နေရာအချိန်ဟာ နောက်တစ်ခုပေါ် ကွေးသွား ညွှတ်သွားတာလို့ ဆိုပါတယ်။ စကြဝဠာထဲမှာပဲ နေရာအချိန်တွေ
အချင်းချင်း ကွေးညွှတ်မှုတွေ ဖြစ်စေတာပါ။ ဒီလို ကွေးညွှတ်မှုတွေက စကြဝဠာထဲမှာ ဖြစ်လို့
စကြဝဠာကို ပုံပျက်စေပါတယ်။ ဒြပ်ရှိရင် ကွေးညွှတ်မှု ရှိပြီး ကွေးညွှတ်မှု ရှိတိုင်း
စကြဝဠာ ပုံပျက်ပါတယ်။
စကြဝဠာရဲ့ တစ်ပိုင်းတစ်စိတ်အဖြစ်
ဝတ္ထုတိုင်းဟာ နေရာအချိန် တစ်ခုစီကို ပိုင်ဆိုင်ကြပြီး နေရာအချိန်ဟာ သူတို့ရဲ့ အလျင်ပေါ်
မူတည်နေတယ်လို့ ဆိုခဲ့ပါပြီ။ အခုလည်း နေရာအချိန်ဟာ ဒြပ်အပေါ် မူတည်တယ်လို့ ဆိုပြန်ပါပြီ။
နောက်ထပ် ဆိုရန် ရှိပါသေးတယ်။ စွမ်းအင် ဖြစ်ပါတယ်။ စွမ်းအင် ပေါ်လည်း မူတည်ပါတယ်။ ဒြပ်နဲ့
စွမ်းအင်ဟာ အဆက်အစပ် ရှိလို့ပါ။ ကျွန်တော်တို့ဟာ အစားအစာဆိုတဲ့ ဒြပ်ကို စားသုံးလို့
အာဟာရဆိုတဲ့ စွမ်းအင်ကို ပြန်ရတာ မဟုတ်ဘူးလား။ ဒါပေမယ့် ဒြပ်ဟာ တည်မြဲသလား။ မတည်မြဲပါ။
သူလည်း အလျင်ပေါ် မူတည်ပြီး အရွေ့စွမ်းအင်နဲ့အတူ တိုးပွားလာတတ်ပါတယ်။
ကိုယ်ပိုင်ဒြပ်နဲ့ ကိုယ်ပိုင်နေရာအချိန်နဲ့
စကြဝဠာ ပုံပျက်မှု ဆိုတာတွေက သာမန်စာဖတ်သူကို စိတ်ထဲမှာ ကသိကအောက် ဖြစ်စေကောင်း ဖြစ်စေနိုင်ပါတယ်။
ဒါပေမယ့် ကွေးညွှတ်တင်ဆာ၊ စကြဝဠာကိန်းသေ၊ ဗက်တာဟင်းလင်းပြင် စတဲ့ သချၤာ အသုံးအနှုန်းများနဲ့
ညီမျှခြင်းများက ပိုလို့ ရှုပ်ယှတ်ခတ်တာမို့ ဒီလောက်ကို သည်းခံနိုင်ဖို့ မျှော်လင့်ပြီး
ဥပမာ ပေးကြည့်ပါမယ်။
တင်းပြီး ပြားနေတဲ့ ရာဘာပြား
တစ်ပြား ဆိုပါစို့။ ဘောဆံလေး တင်လိုက်မယ်။ ဒြပ်ကြောင့် အနည်းငယ် မသိမသာလေး ပြားနေတာလေးက
ကွေးသွားမယ်။ ဒါပေမယ့် ဒြပ်ကငယ်နေတော့ မသိသာပါ။ သံလုံး ဟဲဗီးကြီး တင်လိုက်မယ်။ ဒြပ်ကကြီးတော့
အိခနဲပဲ။ ကွေးသွားမယ်။ ခုနက ဘောဆံလေးလည်း အဲ့ဒီ အကွေးလမ်းကြောင်းအတိုင်း သံလုံးကြီးကို
ပြေးကပ်လို့။ ဒါက သံလုံးမှာ ဒြပ်ဆွဲအား ရှိတာ မဟုတ်ဘူး။ သံလုံးရဲ့ ဒြပ်ကြောင့် ဖြစ်တဲ့
သံလုံးရဲ့ နေရာအချိန်ကွေးညွှတ်မှုက စကြဝဠာဆိုတဲ့ ရော်ဘာပြားကို ပုံပျက်စေပြီး လမ်းကြောင်း
တစ်ခုလို ဖြစ်သွားစေတယ်။ ဘောဆံလေးရဲ့ နေရာအချိန်ဟာ သံလုံးရဲ့ နေရာအချိန်ဆီကို အဲ့လမ်းကြောင်း
အတိုင်းပဲ ကွေးညွှတ် ဝင်သွားတာပါ။
ကွေးလို့ ညွှတ်လို့ စကြဝဠာ
ပုံပျက်ပါတယ်။ ဒါကို မညီညာတဲ့ မြေပြင်ပေါ်က ဂေါ်လီလုံး အနေနဲ့ မြင်ကြည့်ပါ။ မညီညာတဲ့
မြေပြင်ပေါ်မှာ ဂေါ်လီ လှိမ့်တဲ့အခါ မညီညာလို့ ခွက်နေတဲ့ လမ်းကြောင်း အတိုင်း သွားပါတယ်။
ဒါကို အနီးကပ် ကြည့်သူသာ မြင်ရပါတယ်။ အဝေးက ကြည့်သူကတော့ မြေပြင်က အားတစ်ခု သက်ရောက်နေတယ်ပဲ
မြင်မှာပါ။ အနီးကပ် ကြည့်သူဟာ အိုင်းစတိုင်းပါ။ အဝေးကကြည့်သူဟာ နယူတန်ပါ။ ဒီလို နေရာအချိန်တွေ
ကွေးလို့ ညွှတ်လို့ စကြဝဠာ ပုံပျက်တော့ ဖြစ်လာတဲ့ လမ်းကြောင်းအတိုင်း ဝတ္ထုတွေ သွားကြပါတယ်။
ဒြပ်ဆွဲတယ် ဆိုတာထက် ဟင်းလင်းပြင်ထည်ကြီးရဲ့ ပုံပျက်မှုကြောင့် ဖြစ်လာတဲ့ လမ်းကြောင်းတွေပေါ်
သွားတယ်ဆိုတာကို ရှင်းလင်း သွားလောက်ပြီလို့ မျှော်လင့်ပါတယ်။
နေရာအချိန် ကွေးညွှတ်တယ် ဆိုတာ
ဒြပ်ဆွဲလို့ ဆိုတော့ အကွာအဝေးအပေါ် မမှီခိုဘူးလား ဆိုတော့ မှီခိုပါတယ်။ သတ်မှတ်ထားတဲ့
အကွာအဝေး အဝန်းအဝိုင်းထဲ ဝင်မှသာ ဒြပ်ဆွဲတာ ခံစားရမှာပါ။ ရော်ဘာပြားကိုပဲ ပြန်စဉ်းစားကြည့်ပါ။
သံလုံးကြီးရဲ့ ဒြပ်ကြောင့် ကွေးသွား ညွှတ်သွားတဲ့ သူ့ရဲ့ နေရာအချိန် တစ်နည်း ရော်ဘာပြား
အပိုင်းလေးထဲသာ ဘောဆံလေး မရှိရင် ဘောဆံဟာ သံလုံးဆီ ပြေးမကပ်ပါ။ ဘာလို့လဲ။ လမ်းကြောင်းထဲမှ
မရောက်တာ။ ရာဘာပြားက အကျယ်ကြီးပဲ မဟုတ်ပါလား။
နေရာအချိန် ကွေးညွှတ်တယ် ဆိုရာမှာ
နေရာကွေးတာတော့ ပြီးပြီ။ အချိန် ကွေးတာက ဘယ်လိုလဲလို့ မေးစရာရှိပါသေးတယ်။ အချိန် နှေးသွားတာပါ။
နေရာနဲ့ အချိန်ဟာ တစ်သားတည်းပဲ။
ဒါကြောင့် ဒြပ်နည်းတဲ့ ဝတ္ထုရဲ့ နေရာအချိန်ဟာ ဒြပ်များတဲ့ ဝတ္ထုရဲ့ နေရာအချိန်ဆီ ကွေးညွှတ်တယ်
ဆိုတော့ နေရာတင် မဟုတ်ပါ။ အချိန်လည်း ကွေးညွှတ်ပါတယ်။ ရှေ့က ဆိုခဲ့တဲ့အတိုင်း စည်းတစ်ခုကို
ကျော်သွားလို့ ဒြပ်နည်းတဲ့ ကောင်က အဆွဲခံရ ( နေရာအချိန် အကွေးခံရ ) တာပါ။
ဥပမာ A နဲ့ B ပေါ့။ B က A ထက်
ဒြပ်ထုများတယ်။ ဒါဆို A ကို ဆွဲမှာပဲလေ။ ( A ရဲ့ နေရာအချိန် B ဆီကို ကွေးမှာပဲ။ )
B က သိပ်ကို ဒြပ်ထု များပြီ ဆိုရင် B ရဲ့ နေရာအချိန် ကွေးမှုက သိပ်ကို များသွားပြီးတော့
တော်တော် ကွေးသွားမယ်။ တော်တော် ကွေးသွားတယ် ဆိုတာ ချိုင့်ကြီးနဲ့ တူတယ်။ ချိုင့် နက်လေလေ
ပြန်တက်ရခက်လေလေလိုပဲ A အနေနဲ့ B ကနေ ခွာပြီး ထွက်နိုင်ဖို့ တော်တော် အားစိုက်ရမယ်။
အားဆိုတာ အရှိန်ပဲလေ။ အရှိန် တော်တော် တင်ပေးမှ A အနေနဲ့ B ရဲ့ နေရာအချိန် အကွေးအညွှတ်
ကနေ ရုန်းထွက်နိုင်မှာပါ။ ဒီမှာ မေးစရာက အရှိန်ဆိုတာ ဘာလဲ။ အရှိန်ဆိုတာ တစ်စက္ကန့်မှာ
အလျင် တစ်ယူနစ် ပြောင်းနှုန်းပါ။ မူသေအလျင်နဲ့ မောင်းနေတဲ့ ကားဟာ ရုတိတရတ် လီဗာတင်လိုက်ရင်
အရှိန်ရပါတယ်။
ဒြပ်ထု ကြီးတဲ့ကောင်ရဲ့ နေရာအချိန်
အကွေးကနေ ငယ်တဲ့ကောင်က ရုန်းထွက်တယ် ဆိုတဲ့ နေရာမှာ လွယ်ကူ၏ မလွယ်ကူ၏ဟာ ဒြပ်ထုကြီးတဲ့
ကောင်ရဲ့ ဒြပ်ထုနဲ့ ဒြပ်ထုငယ်တဲ့ကောင် စိုက်ထုတ်တဲ့ အရှိန်ပေါ် မှီခိုတယ်။ ဒါကို
Equivalence Principle လို့ ခေါ်ပါတယ်။ အပေါ်ကို တက်တဲ့ အရှိန်နဲ့ အောက်ကို ဆွဲချနေတဲ့
ဂရယ်ဗတီ အတူတူပဲလို့ ဒီနိယာမက ဆိုပါတယ်။
အာကာသထဲ မြောနေတဲ့ ဓာတ်လှေကား
တစ်စီးပေါ် တက်စီးတယ်။ ဓာတ်လှေကားက မြောနေတော့ လူလည်း မြောနေမှာပဲ။ ဘာသက်ရောက်မှုမှ
မရှိဘူး။ အကုန် မူသေအလျင်နဲ့ ရွေ့နေတယ်။ ( ဒါကို အီနားရှား အခြေအနေလို့ ခေါ်ပါတယ်။
) အဲ့အချိန် ဓာတ်လှေကား အောက်ကနေ စူပါမင်းက တွန်းလိုက်မယ်။ ဝှီးခနဲ ဓာတ်လှေကား တက်သွားမယ်။
ဓာတ်လှေကားထဲက လူဟာ ဘာကို ခံစားရမလဲ။ မူလက လွတ်လပ်စွာ ရွေ့လျားနေကြရာက အောက်ကနေ သူတို့ကို
ဆွဲနေတဲ့ အားတစ်ခု ရှိတယ်လို့ ခံစားသွားရမယ်။ ဒါကို သူတို့က ခေါ်လိုက်တယ်။ ဒြပ်ဆွဲအားတဲ့။
ဘာမှန်းမသိတဲ့ သက်ရောက်မှုကို အားလို့ ခေါ်လိုက်တယ်။
ဒီလို ဓာတ်လှေကား ကြမ်းပြင်ပေါ်
သူတို့တတွေ ရပ်နေနိုင်တာက ကမ္ဘာမှာဆို ကမ္ဘာရဲ့ နေရာအချိန် အကွေးထဲ သူတို့ရဲ့ နေရာအချိန်တွေ
ရောက်နေတာနဲ့ အတူူတူပဲ။
ဒါဆို ဒြပ်ဆွဲအား ( ဝါ ) နေရာအချိန်အကွေးဟာ
အပေါ်ဘက် ဦးတည်တဲ့ အရှိန်နဲ့ အတူတူပဲပေါ့။ ဒြပ်ထု သိပ်ကို ကြီးသွားပြီ ဆိုရင် နေရာအချိန်
အကွေးဟာ သိပ်ကိုများသွားပြီ။ ဒါဆို ဒြပ်ထုကြီးတဲ့ ကောင်ရဲ့ အဆွဲမခံချင်ရင် ရုန်းထွက်ဖို့ဆိုတာ
သိပ်ကို များတဲ့ အရှိန် လိုအပ်ပြီ။
နေရာအချိန်ကွေးတာ များလေလေ
လွတ်ဖို့ အရှိန် ပိုလိုအပ်လေလေပဲ။ ဒြပ်ထုကြီးတဲ့ B ဆီ A က ပိုချဉ်းကပ်လာလေလေ လွတ်ဖို့အရှိန်
ပိုလိုအပ်လေပဲ။ ဒါ့အပြင် A ရဲ့ နေရာအချိန်ဟာ B ဆီ ကွေးသွားတာ ဖြစ်လို့ A အတွက် အချိန်ဟာ
ပိုပို နှေးလာမယ်။ ပုံကို ကြည့်ပါ။
အတွေးစမ်းသပ်မှု လုပ်ကြည့်မယ်။
အချိန်ဟာ ကမ္ဘာပေါ်မှာနဲ့ နေပေါ်မှာ ကုန်တာ မတူဘူး။ ကမ္ဘာပေါ်က လူတစ်ယောက်က နေပေါ်က
လူတစ်ယောက်ရဲ့ နာရီကို ကြည့်နေမယ် ဆိုပါစို့။ အချိန်ဟာ နှေးနေမယ်။ ဒီထက်ပိုချင်သေးတယ်။
တခြား ပိုလေးတဲ့ ကြယ်ပေါ်က လူကို ကြည့်မယ်။ ပိုနှေးနေမယ်။ တွင်းနက်ထဲကလူ ဆိုရင်ရော
ပိုဆိုးသွားပြီ။ ကမ္ဘာပေါ်က လူအတွက်တော့ တွင်းနက်ထဲက လူက အချိန် ကုန်ကို မကုန်နိုင်သလိုပဲ။
တွင်းနက် ဆိုတာ အလင်းတောင်
ပြန်မထွက်နိုင်တော့ လောက်အောင် ဒြပ်ဆွဲအား များတဲ့ နေရာ။ တွင်းနက်ရဲ့ နေရာအချိန် ကွေးမှုဟာ
အတော်ကြီးများတော့ သူ့ဆီက ပြန်ထွက်ဖို့ အရှိန်အတော်များများလိုမယ်။ အဲ့ဒီ အရှိန တော်တော်
များများ ဆိုတာကို ရဖို့က အလင်းထက်အရင် မြန်ရမယ်။
အလင်းအလျင်ဆိုတာ အမြန်ဆုံးကိန်းသေ။
ဒီအလင်းဟာ စကြဝဠာအနှံ့ ခုန်ကစားနေရာက တွင်းနက်ထဲ ကျတဲ့အခါ သူ့အလျင်က စကြဝဠာရဲ့ အကန့်အသတ်အလျင်
ဖြစ်နေတယ်။ အရှိန် ရမှ ထွက်နိုင်မှာ။ အရှိန်ရဖို့ ဆိုတာလည်း အလင်းအလျင် ထက်တင်လိုက်မှ
ရမှာ။ အလင်းအလျင်ဟာ speed of caulisity ဆိုတော့ ဒီထက်မြန်တာနဲ့ အချိန်တွေ အနုတ်ကိန်းပြကုန်မှာ။
အတိတ်တွေတောင် ပြန်ရောက်ကုန်မှာ။ ဒီလို ဖြစ်ရတာ ဘာလို့လဲ။ တွင်းနက်ထဲမှာ ဒြပ်ထု အနန္တရှိတဲ့
ကြောင်မှတ် singularity ရှိနေလို့ပါ။ ဒီကြောင်မှတ်မှာ ရူပဗေဒ စည်းမျဉ်းတွေ အကုန် ပျက်စီးသွားပြီ။
ဒါ အိုင်းစတိုင်းရဲ့ အလိုပါ။
သူ့ရဲ့ မူလ ရလေတစ်ဗတီ အရပါ။ နောက်ပိုင်း ဟေဇင်ဘတ်ရဲ့ မရေရာမှု နိယာမ အဟုန်နဲ့ အချိန်
တပြိုင်နက် မသိနိုင်ပါ ဆိုတဲ့ နိယာမကို ထည့်စဉ်းစားမယ် ဆိုရင် အမှုန်တွေရဲ့ မရေရာမှုအရ
တွင်းနက်တွေမှာ ဖြာထွက်မှု တချို့ရှိနေတာ သိနိုင်ပါတယ်။ ဖြာထွက်မှု ? ဖြာထွက်မှု ဆိုတာနဲ့
နောက်ထပ် တွေးစရာတွေက အပူ သာမိုဒိုင်းနမစ် ကွမ်တန်မက္ကင်းနစ်တွေပါ။
လတ်တလောတော့ အိုင်းစတိုင်းရဲ့
မူလလက်ဟောင်း ယေဘုယျ ရလေတစ်ဗတီကို ဒီမှာပဲ ရပ်ဆိုင်းပါမယ်။
Thura Aung
ဒါနဲ့ ပုံလေး လှပါရဲ့နော်။

إرسال تعليق