မန္တလေးဆိုတာ မင်းမြို့၊ စိုးမြို့ဖြစ်တယ်။ ယဉ်ကျေးမှု
ဖွံ့ဖြိုးတဲ့မြို့၊ မင်းနေပြည်ဟောင်း။ ဒီတော့ မန္တလေးမြို့က မြို့သူမြို့သားတွေဟာ
ယဉ်ကျေးတယ်။ စကားပြော ညက်တယ်။ ဒေါက်တာသန်းထွန်းက မန္တလေး နေတာ ၁၇ နှစ်ရှိပြီ။ ခုထိ
မယဉ်ကျေးသေးဘူးလို့ ပြောချင်တာ။
ဒေါ်အမာက ဒီအပြောအဆို ယဉ်ကျေး နေထိုင်ပုံ ယဉ်ကျေးတဲ့ မန္တလေးက
လူတွေအကြောင်း စာအုပ်တစ်အုပ် ရေးထားတာ ရှိပါတယ်။ မန္တလေးသူ မန္တလေးသားများတဲ့။
မန္တလေးက အပြောအဆို စကားမှာ ညက်ညောတယ်။ ယဉ်ကျေးပျူငှာတယ်။ မန္တလေး
ဈေးချိုသူတွေဟာ ဈေးရောင်းတော်တယ်။ စကားပြောကောင်းတဲ့ နေရာမှာ နာမည်ကြီးပဲ။
ဒီအထဲမှာ ဈေးချိုသူကြီး ပန်းကန်သည် ဒေါ်မြဟာဆိုရင် ပိုလို့နာမည်ကြီးတယ်။
ဈေးချိုဟာ တစ်ရုံကိုတစ်မျိုးသာ ရောင်းလေ့ရှိတော့
အပြိုင်အဆိုင်များတယ်။ သို့သော် ပန်းကန်တန်းမှာတော့ ဒေါ်မြ ရောင်းရတာကို မီတဲ့သူ
ဘယ်ရှိမလဲ။ ဒေါ်မြဟာ အပြောကောင်း၊ သဘောကောင်း။ သည့်ထက် ပိုကြီးတဲ့ ပါရမီက
စေတနာကောင်းတာ။ တောကလာတဲ့ ဈေးဝယ်ဖြစ်ဖြစ် မြို့ကလာဝယ်တဲ့ ဈေးဝယ်ဖြစ်ဖြစ်
စေတနာကောင်းလို့ ဒေါ်မြနဲ့မှ အလုပ်လုပ်ချင်ကြတယ်။ ဒါတောင် ဒေါ်မြက
ဆိုင်ရှင်မဟုတ်ဘူးနော်။ အရောင်း ကြီးကြပ်သဘောပဲ။ သို့သော် ဒေါ်မြဟာ သူ့ဆိုင်လို
စေတနာထားတယ်။ ဝယ်သူ့ဖို့ရော ဆိုင်ရှင့်ဖို့ပါ ၂ ဖက် ကြည့်တယ်။ ၂ ဖက်လုံးကလည်း
ယုံလောက်တဲ့ သမာဓိ ရှိပါတယ်။ အပြောကောင်း သဘောကောင်းတဲ့ ဒေါ်မြဟာ အသက် ၉၂
မဆုံးခင်အထိ အိပ်ရာထဲကနေ ပွဲစား လုပ်နေတုန်းပါ။
ဒေါ်မြလိုပဲ မန္တလေးသူ မန္တလေးသားတွေက စေတနာကောင်းတဲ့ နေရာမှာတော့
ပြောစမှတ်ပါပဲ။ လက်ဖက်သူဌေးဦးသက်ရှေနဲ့ သားဦးကျော်တို့ဆို တစ်နှစ်တစ်နှစ်ကို
စာချစာသင် သံဃာ ၈၀၀ ၉၀၀ သီတင်းသုံးတဲ့ မစိုးရိမ်ကျောင်းကြီးကို လှူပါတယ်။
တစ်ပြပတ်လည် ကျောင်းကြီးက အလယ်ဆောင်ကြီးရယ် ဘေးဘက် အရံကျောင်းဆောင်ကြီး ၁၆
ဆောင်နဲ့ ခံ့ခံ့ညားညားကြီးပါ။ အလှူပါဝင်ချင်တယ်ဆိုလို့ သူငယ်ချင်းနဲ့ သမီးကို
တစ်ဆောင်စီ ပါဝင်စေတာက လွဲလို့ ကျန်တာ ဦးသက်ရှေနဲ့ သားလက်ဖက်ကျော်တို့ လှူတာ။
စေတနာဆိုတဲ့ နေရာမှာ ဒေါ်မြလို ရောင်းသူ ဝယ်သူများပေါ် စေတနာကောင်းခြင်း၊
ဦးသက်ရှေတို့လို သာသနာတော်ကို ချီးမြှောက်ခြင်းတွေသာရှိတာ မဟုတ်ဘူး။
မန္တလေးသူ/သားတွေများ လုပ်ငန်းတူကိုတောင် စေတနာထားနိုင်ကြပါတယ်။ ရံဖန်ရံခါများဆို
ဆီကျိတ်စရာ နှမ်း၊ပဲ မရှိလို့ မြို့က ဆီစက်လေးတွေက ကိုကြီးသိန်း စက်ကလေး
လည်ချင်လို့ နှမ်းလိုချင်ပါတယ်ဆိုတောင် အိတ်ခွံတစ်ရာ ထားခဲ့ဆိုပြီး နှမ်းဝေတဲ့
ဆီသူဌေး ဦးသိန်းဆိုတာလည်း ရှိတယ်။ ဆီအရောခေတ်မှာတောင် ဆီစစ်တဲ့ ဆီသိန်းဟာ
အမြတ်ကြီးမစား၊ စေတနာမှန်လို့ စီးပွားယုတ်မသွားဘဲ နေ့နေ့ညည ကျိကျိတက်
ချမ်းသာလာတာပဲလို့ ဒေါ်အမာက ရေးထားပါတယ်။
မန္တလေးသူ/သားတွေဟာ ဗုဒ္ဓယဉ်ကျေးမှုနဲ့အညီ
ကြီးပြင်းနေထိုင်သူတွေမို့ ကိုယ်နဲ့ထပ်တူ စားသုံးသူကို အလေးအနက် ထားပါတယ်။
ဆေးလိပ်သူဌေး နဂါးဒေါ်ဦးဆို ဆေးစပ်ကို ကိုယ်တိုင်စစ်တယ်။ ကိုယ်တိုင်
မစစ်နိုင်လောက်အောင် များတော့ တပည့်မတွေနဲ့ သေချာစစ်ဆေးတယ်။ အရသာပေါ့တာ။
မီးပေါက်တာ မီးမလိုက်တာ သူမလိုချင်ဘူး။ နောက်ပိုင်း ပယ်ရတာ များလို့
ပယ်တဲ့ဆေးလိပ်တွေကို တံဆိပ်မကပ်ဘဲ ဆေးလိပ်ကျဆိုပြီး ဈေးချ ရောင်းတယ်။
သောက်တဲ့သူကို ရောညှပ်လိုက်မဟဲ့ဆိုပြီး ဈေးတန်ပေး ဝယ်မသောက်စေဘူး။ ဒါကြောင့်လည်း
ပြည်သူပိုင် မသိမ်းခင်ထိ ဒေါ်ဦးရဲ့ ဆေးလိပ်ခုံတွေက တစ်နေ့ကို ဆေးလိပ်ပေါင်း ၂၇
သိန်းခွဲ လိပ်ရတာပဲ။
မန္တလေးသူ/သားတွေဟာ ချမ်းသာပေမဲ့ မမှန်တာကို အဟုတ်လည်း လုပ်ပြီး
စီးပွားမရှာဘူး။ မဟာမုနိ ဘုရားကြီးက ရွှေသင်္ကန်းကပ်ရာက ကျန်တဲ့ အမှိုက်ကနေ
ရွှေဖြစ်အောင် မိုက်ထုတ်တဲ့ လုပ်ငန်းကို လုပ်တဲ့ မိုက်သူကြီး
ဦးမောင်ကြီးဆိုတာရှိတယ်။ သူ့ကို မိုက်ထုတ်ပေးဖို့ အစက တောင်းဆိုပေမဲ့ သူက သူ့ဖာသာ
လုပ်စားနေတာမို့ ဂေါပက အဖွဲ့ကို ငြင်းခဲ့တယ်။ နောက် စပ်တော့ မေးကြည့်မှ ၁၁
ကျပ်သားကျော်လောက်ပဲ ရတယ်လို့ ပြောတော့ သူကိုယ်တိုင် ဝင်ထုတ်ပြတာ ၁ ပိဿာနဲ့ ၃၅
ကျပ်ရတယ်။ မိုက်မခိုးဘူး။ အမှန်အကန်ပဲ စီးပွားရေးကို လုပ်တယ်။ ဒါကလည်း အချိုးကျ
ဝေခွဲရတယ်ဆိုပေမဲ့ ကိုယ့်ဉာဏ ကာယ လုပ်အားနဲ့မို့ တစ်နည်းအားဖြင့် ဘုရားကို
ပူဇော်ရာလည်း ရတယ်။
မန္တလေးသူ/သားတွေဟာ ငွေချမ်းသာမှ သဒ္ဓါချမ်းသာတာ၊ စေတနာချမ်းသာတာ
ဆိုရင်တော့ လွဲရပါလိမ့်မယ်။ သစ်ပင်ဒါယကာကြီး ဦးငွေဆိုတာ ရှိပါတယ်။ သူဟာ
ဒါယကာကြီးဆိုတဲ့နောက်က သူဌေးဆိုတဲ့ ဂုဏ်ပုဒ်လိုက်ရသူတော့ မဟုတ်ပါ။ ဆိုက်ကားဆရာသာ
ဖြစ်ပါတယ်။ နွေပူပူ ဖုန်ထူ ခြင်ကိုက် မန္တလေးရဲ့ အမြိုက်မီးကို သစ်ပင်စိုက်ပြီး
လျှော့ချ ပေးခဲ့သူပေါ့။ စစ်မီး၊ မြို့မီးငွေ့တွေရဲ့ အောက်က မန္တလေးကို
သစ်ပင်ရိပ်နဲ့ အေးမြစေခဲ့သူ ဦးငွေဟာ သစ်ပင်ပေါင်း ၅၀၀ ကျော်ကို စိုက်ပျိုးပြီး
သစ်ပင်ဒါယကာကြီး ဘွဲ့ကို ခံယူသွားသူပါ။ ပိုက်ဆံ လှူရင်တောင် သစ်ပင်စိုက်တဲ့နေရာမှာ
လိုတဲ့ တန်ဆာပလာအတွက် သုံးပါမယ်လို့ ပြောပြီးမှ လက်ခံတဲ့ ပုဂ္ဂိုလ်ကြီးပါ။ အမေမာ
ရေးသလို လူသာဓုခေါ် နတ်သာဓုခေါ် ပုဂ္ဂိုလ်ကြီးပေါ့။ သာဓု သာဓု သာဓု။
ဦးငွေလို လူသာဓုခေါ်စရာ နတ်သာဓုခေါ်စရာ အခြားသော
အလှူရှင်ဒါယကာကြီးတွေ ဒါယိကာမတွေ ရှိသေးသား။ မင်းကွန်းဘက် လူအိုရုံ (ယခု
နှင်းဆီကုန်း ဘိုးဘွား ရိပ်သာ) ကို စတည်ထောင်တဲ့ ဒေါ်ဦးဇွန်းဆိုရင် ငယ်စဉ်က
ပိုးထည်လုပ်ငန်းနဲ့ အသက်မွေး။ မိဘများ ဆုံးပါးတဲ့အထိ စီးပွားရေးသာ
စိတ်ဝင်စားခဲ့ပြီး အသက် ၃၀နဲ့ ကျောင်းဒါယကာမ အမည်ခံသွားသူဖြစ်ပါတယ်။ နောက်တော့
ပိုင်ဆိုင်သမျှ ပုံအောလှူပြီး သီလရင်ဝတ်ကာ ဘိုးဘွားရိပ်သာမှာပဲ ဘိုးဘွားတွေကို
ပြုစုရင်းနဲ့ အချိန်ကုန်ခဲ့သူပါ။
မင်းကွန်းဘက်ကစလို့ ဒေါ်ဦးဇွန်း ဘိုးဘွားရိပ်သာ တည်ထောင်သလို
မန္တလေးမှာ ဘိုးဘွားရိပ်သာ ထောင်တော့ လူသိမခံတဲ့ မတည်အလှူရှင်ကြီး အကြောင်းလည်း
အမေမာက ရေးထားပါသေးတယ်။ ဦးကျော်လှတဲ့။ စတီးဘရားသားမှာ လုပ်လို့ စတီး
ဦးကျော်လှဆိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ စည်းကမ်းအရာမှာ အင်မတန်ကြီးတယ်။
ခြိုးခြံချွေတာသလောက် အလှူအတန်းမှာ ရက်ရောပါတယ်။ သူလှူတာလည်း လူသိမခံ။
သေခါနီးတောင် ရှိဆဲ အိမ်တွေထဲက အိမ်တစ်လုံးရောင်းပြီး မီးသဂြိုလ်စက်
ဝယ်လှူသွားခဲ့တဲ့သူပါ။ သားသတ်လွတ်စား အသင်းကြီးရဲ့ ဥက္ကဋ္ဌ ဦးကျော်လှအကြောင်း
အမေမာကတော့ သူမရေးလျှင် လူသိမှာတောင် မဟုတ်ဘူးတဲ။ ထင်ပေါ်တာ မကြိုက်တဲ့
ဦးကျော်လှအတွက် အမေမာက ခွင့်လွှတ်ပါရှင့်တဲ့။
ဦးကျော်လှကို ခွင့်လွှတ်ပါရှင့် လုပ်လိုက်ရပေမယ့် ကျာဘညိမ်းဆိုတဲ့
လက်ဝှေ့ကျော်အတွက်တော့ အမေက စာကြွေးတဲ့။ ကျားဘညိမ်းဟာ သူ့အကြောင်း အမေမာ ရေးတာ
သိပ်မြင်ဖူးခဲ့ချင်ပေမဲ့ မမြင်လိုက်ရဘဲ အနိစ္စ ရောက်သွားရရှာတယ်။ ထိုစဉ်က အမေမာက
ဝမ်းနည်းကြောင်းတောင် မရေးလိုက်ရလို့ စိတ်မကောင်းပါ။ စာကြွေးတဲ့။ ကျားဘညိမ်းဆိုတာ
စိတ်သဘောထား ကောင်းပြီး လက်ဝှေ့ကို နှစ်နှစ်ခြိုက်ခြိုက် ရှိလှတဲ့
လက်ဝှေ့အနုပညာသမားကြီး။ ပန်းချီဆွဲတယ်။ စာရေးတယ်။ နောက်တောက်တောက် ပြောတတ်တယ်။
နာမည်ကသာ ကျားဘညိမ်း။ လူက လူရိုး လူကောင်း လူပျော် လူ့သဘောကောင်းကြီးပါတဲ့။
ကျားဘညိမ်းလိုပဲ ကိုယ်ပိုင်တဲလန့်ရှိတဲ့ မန္တလေးသားတွေလည်း
ရှိပါသေးတယ်။ သင်္ကန်းကို ဓာတ်ဆေးနဲ့ ပထမဆုံးဆိုးတဲ့ ဗန္ဓုလဦးဆိုင်လို၊ မြန်မာ့
ဗိသုကာဟန်တွေ အတော်များများ ဆောက်သွား ကြီးကြပ်သွားတဲ့ ဗိသုကာ ဆရာဆိုင်လို
ရှေးဟောင်း မြေထဲသမိုင်းကြောင်းတွေ အများကြီး ဖော်ထုတ်ပြသွားတဲ့ ကျောက်စာဝန်ဟောင်း
ဦးမြလို ပုဂ္ဂိုလ်တွေလည်း မန္တလေးကပါပဲ။
မန္တလေးနဲ့ ပက်သက်လို့ ဂုဏ်ယူစရာအချက်က မန္တလေးသူ/သားတွေရဲ့
စိတ်မနောနဲ့ သဘောရိုးအပြင် မန္တလေးသူတွေဟာ မန္တလေးသားတွေနဲ့ တန်းတူ
ရင်ဘောင်တန်းနိုင်စွမ်းပါ။ ပွဲရုံခေတ်က ပွဲကတော်ကြီးတွေပဲ ကြည့်မလား။ ဒေါ်မြတို့
ဒေါ်ဦးတို့ ဒေါ်ဦးဇွန်းတို့ပဲ ကြည့်မလား။ ကုန်ကုန် ယခု စာအုပ်ရေးတဲ့ ဒေါ်အမာ့ပဲ
ကြည့်မလား။ ကျား/မရယ် မရှိ။ တန်းတူ ရင်ဘောင်တန်းနိုင်ခဲ့တာပါပဲ။
လူထုဒေါ်အမာကလည်း ဒီလူတွေအကြောင်း မော်ကွန်းတင်ရတာ
ဝမ်းမြောက်လိမ့်မယ်။ ဖတ်ရတဲ့ သူတွေလည်း ကျေနပ်အားရလိမ့်မယ်လို့ မျှော်လင့်ပါရဲ့။
သူရအောင်

Post a Comment