ဗုဒ္ဓကို ဘယ်မှာ မွေးသလဲ ဆိုတာကို နီပေါပြည် လုဗ္ဗနီလို့ပဲ ဖြေကြပါလိမ့်မယ်။
ကပိလဝတ် ဘယ်မှာလဲ ဆိုတာကို အိနိ္ဒယလို့ပဲ လွယ်လွယ် ဖြေကြလိမ့်မယ်။
ဒါပေမယ့် မယ်တော် မာယာဒေဝီ ကျောင်းဆောင်ဟာ 550 BCE က မဟုတ်ဘဲ အုတ်တုံးစစ်ဆေးမှုတွေ
အရ BCE ၃ ရာစု (အသောကခေတ် နောက်ပိုင်း) က အဆောက်အအုံ ဖြစ်တယ်လို့ သိလာကြပါတယ်။
ဒီလိုနဲ့ ဗုဒ္ဓကို ရှာပုံတော် စဖွင့်ကြတော့တာပါပဲ။ အိနိ္ဒယနဲ့ နီပေါ မဟုတ်ရင်
ဖြစ်နိုင်ချေ ရှိတာ နေရာ ၂ ခုပဲ။ အာဖဂန်နဲ့ ဘေဘီလွန်။
အာဖဂန်နစ်စတန်က ဗုဒ္ဓ
ဗုဒ္ဓဟာ အာဖဂန်နစ်စတန်နယ်ထဲက နဂပြည် ဘုရင်ရဲ့ အရိုအသေပေးခြင်း ခံယူနေတဲ့ပုံတပုံ
Nalanda ကျောင်း တကျောင်းမှာ တွေ့ရပါသေးတယ်။ ဒါဖြင့် ဗုဒ္ဓဟာ အာဖဂန်နစ်စတန်ကို ရောက်ခဲ့လေသလား။
ဒါထက် ပိုစဉ်းစားရမှာက ဗုဒ္ဓက အာဖဂန်နစ်စတန်ကလား ?
အာဖဂန်နစ်စတန်ပြည်က ကပူးလ် Kabul ဟာ Kapilavastu ကလိလဝတ်ပြည် ဖြစ်နိုင်ပါတယ်။
ဒီ ကပိလဝတ်ပြည်ရဲ့ တည်နေရာဟာ တကယ်ကို သမိုင်းအရ ရှုပ်ထွေးနေသေးကြောင်းလည်း သမိုင်းပညာရှင်
ဗင်းဆင့်စမစ်ကတောင် ညည်းယူရတာပါ။
အစကတော့ အာဖဂန်ကို ဗုဒ္ဓဝါဒ ရောက်လာတာ ၃၀၅ ဘီစီမှလို့ ဆိုပါတယ်။ အာဖဂန်နစ်စတန်မှာ
ဘီစီ ၆၀၀ က ဗုဒ္ဓမတ်ရပ် ဆင်းတုကြီး တွေ့တယ်ဆိုရာကနေပဲ စပြီး အာဖဂန်ကို ဗုဒ္ဓသုတေသီတွေက
စောင့်ကြည့် လာကြတာပါ။ ယနေ့ထက်ထိတော့ ထူးခြားတဲ့ တွေ့ရှိမှုတွေ မတွေ့ရသေးပါဘူး။
အာဖဂန်နစ်စတန်အစား ဘယ်မှာသွားတွေ့ကြတယ် ထင်ပါသလဲ။ ဘေဘီလွန်ပါ။ ဘေဘီလွန်ဆိုတဲ့
မြို့မှာပါ။
ဘေဘီလွန်က ဗုဒ္ဓ
ဗုဒ္ဓဟာ ဘေဘီလွန်ကပဲလား ? နောက်ထပ် စဉ်းစားစရာ ဖြစ်နေပါတယ်။ ဗုဒ္ဓရဲ့ ဇာတိ
ကပိ္ပလဝတ်ပြည် Kapilvastu မှာ Kapil ဆိုတာ မြို့ vastu ဆိုတာ တည်ထောင်ခြင်းလို့ပဲ အဓိပ္ပာယ်
ထွက်ပါတယ်။ ဒါကြောင့် Kapilvastu က Kapil ဟာ Babil ( ဘေဘီလွန်ကို အရင်က ခေါ်တဲ့ နာမည်
) နဲ့များ ဆိုင်နေမလားဆိုတာ စဉ်းစားစရာ ပေါ်လာပါတယ်။
ပါရှားမင်းဆက်တွေမှာ persepolis ပါစီပိုလစ် တံဆိပ်တော်တွေ ရှိပါတယ်။ သုဒ္ဓေါဒနနဲ့
သိဒ္ဓတ္တကို ဘေဘီလွန်ဘက်ကလို့ အခိုင်အမာ ပြောနေတဲ့ တံဆိပ် ၂ ခုကတော့
Sudda-Yauda-Saramana နဲ့ Sedda Saramana တံဆိပ်တို့ပဲ ဖြစ်ပါတယ်။ ဒါကို သမိုင်း သုတေသီ
W.Donigher က ဆက်စပ်ပြခဲ့တာပါ။ Oriental Institute ရဲ့ သုတေသန ပြုချက်တွေကို ကျနော်
Dr.Ranajit Paul ရဲ့ ဆောင်းပါးကနေ ထုတ်နှုတ် ထားပါတယ်။
သကျ Sakya တွေကို
အိနိ္ဒယနဲ့ နီပေါမှာရှိ သမိုင်း အထောက်အထားတွေမှာ ရှာရင် ထင်ထင်ပေါ်ပေါ် မတွေ့ရပါဘူး။
စာပေအရဆိုရင် သုဒ္ဓေါဒနမင်းက သကျတွေရဲ့ ဘုရင် ဖြစ်ပြီး ကြီးကျယ် ခံ့ညားတဲ့ တိုင်းနိုင်ငံတခုလို့
သိရပါတယ်။ ဒါပေမယ့် ဘာလို့ သမိုင်း အထောက်အထား နည်းနေရတာလဲ ?
တကယ်တော့ မနည်းပါဘူး။
ကျနော်တို့ နေရာ မှားရှာမိကြတာပါ။ ကျနော်တို့က ပါရှားဆိုတဲ့ဘက်က ကြည့်ရင် Saka ဆိုတဲ့
Scythians တွေဟာ မြင်းစီး မြှားပစ် အင်မတန်တော်တဲ့ အနွယ်တွေပါ။ သူတို့ဟာ ပါရှားအင်ပါယာရဲ့
မြောက်ဖက်မှာ ရှိကြပါတယ်။ ဒါဖြင့်ရင် သိဒိ္ဓတ္တရဲ့ အဖေ သုဒ္ဓေါဒနဟာ ဆိုင်သီယန် အနွယ်ရဲ့ဘုရင်
ဖြစ်နေပြန်ပါပြီ။
သုဒ္ဓေါဒနဟာ ဆိုင်သီယန်
ဘုရင်ဆိုတော့ သိဒ္ဓတ္တဟာ အီရန်အနွယ်ဖွားဖြစ်မယ်။ ပြီးတော့ ပုံမှန် ကျမ်းဂန်တွေ အတိုင်းပဲ
သူ ၂၉ နှစ်မှာ တောထွက်မယ်။ ဉာဏ်အလင်း ရပြီး ဗုဒ္ဓဖြစ်မယ်။ ဒီလိုလား ? ။ ဒီလိုလားဆိုတော့လည်း
မဟုတ်သေးပါဘူး။ သူဟာ တောထဲက ရတဲ့ ပညာလောက်နဲ့တော့ ကျစ်လစ်တဲ့ ဗုဒ္ဓဝါဒ အတွေးအခေါ်ကို
မတည်ဆောက်နိုင်ပါဘူး။ မင်းသားဘဝမှာလည်း ဆိုင်သီယန်တွေဆီက စစ်ပညာကိုပဲ ကောင်းကောင်း
ရနိုင်ခဲ့မှာပါ။
ဒါဖြင့် ကွင်းဆက်
ပြတ်ပြီလားဆိုတော့ မပြတ်သေးပါဘူး။ ဘာသာဗေဒ ပညာရှင်တွေရဲ့ အကူအညီက ပြန်ဆက်ပေးပါတယ်။
ပါဠိ pali က avestan ဆိုတဲ့ ဇော့ရော့အက်စတာကျမ်းသုံး စကားရဲ့ ဆွေမျိုး ဖြစ်ပါတယ်။
Pali ဟာ ဗုဒ္ဓရဲ့ ဖွားမြင်ရာလို့ တညီတညွှတ် ပြောကြတဲ့ နီပေါက Nepali နဲ့လည်း မတူပါဘူး။
ဇော့ရော့အက်စတာကျမ်းသုံး ဘာသာစကားနဲ့ သွားတူနေပါတယ်။ ဒါဟာ ဇော့ရော့အက်စတာ ဘာသာရေး ထွန်းကားရာကို
သိဒ္ဓတ္တ ရောက်ခဲ့တယ် ဆိုတဲ့ အချက်ကို ထောက်ပြနေပါတယ်။
ဇော့ရော့အက်စတာ
ဘာသာဟာ ထိုစဉ်က ပါရှားဘုရင်တွေရဲ့ ပါရှား အင်ပါယာမှာ နေလိုလလို ထွန်းတောက်ခဲ့တာပါ။
ဒါက သိဒ္ဓတ္တဟာ ဒီဒေသတွေမှာ ပညာတွေ ဆည်းပူးခဲ့တယ်လို့ ဆိုရာလည်း ရောက်ပါတယ်။ သိန္ဒုမြစ်တဖက်
အိနိ္ဒယဘက်မှာ ဖွားတာ မဟုတ်ဘဲ အနောက်မြောက် တက္ကသီလာဘက်ကနေ အိနိ္ဒယကို ဝင်ရောက်ခဲ့တာ
ဆိုရင် ပိုသင့်တော်မယ်လို့ ယူဆရပါတယ်။
ပါးရှားအင်ပါယာထဲက
ပညာဆည်းပူးဖို့ တက္ကသိုလ်တွေ ရှိနေပါတယ်။ ရှေးကျတာကတော့ မဂတ်စ် ( Magus ) တွေရဲ့ ကျောင်းတော်ပါ။
ဒါကတော့ Babylon မှာ တည်ရှိပါတယ်။ Babil ( ဝါ ) Babylon မြို့ရဲ့ အုပ်ချုပ်ရေးတွေမှာ
မဂတ်စ် ကျောင်းတော်ပညာရှိတွေ ပါဝင်ပက်သက်ပါတယ်။ သိဒ္ဓတ္တဟာ ပညာအရှာထွက်ပြီး အိနိ္ဒယကို
ဗုဒ္ဓအဖြစ် ဝင်ပါပြီတဲ့။ ကြားထဲက အချိန် ကွာဟမှု ရှိနေပါတယ်။ ပညာအရှာထွက်ချိန်နဲ့ ပညာပြည့်စုံချိန်
ကြားထဲမှာ ပညာရှာနေချိန်တော့ ရှိရမှာပေါ့။
အိနိ္ဒယကို အနောက်မြောက်ဘက်ကနေ
ဝင်ရောက်လာတာလို့ ယူဆကြရတော့ ဘေဘီလုံက မဂတ်စ်ကျောင်းတော်မှာ ပညာဆည်းပူးခဲ့တာလား။ ကြားထဲမှာ
အဆက်ပြတ်ပြီလား။ သူဟာ မထင်မရှား ကျောင်းသားလား။ ဆိုတဲ့ မေးခွန်းတွေ တသီကြီး ပေါ်လာပါလိမ့်မယ်။
ကျစ်လစ်တဲ့ အတွေးအခေါ်တရပ်ကို
ထူထောင်နိုင်ခဲ့တဲ့ အတွေးအခေါ်ပညာရှင် တယောက်အနေနဲ့တော့ သူဟာ သာမန်ကျောင်းသား မဟုတ်ခဲ့ပါဘူး။
သူဟာ ဘုရင်ပါ။ အနုမာန တရပ်အနေနဲ့ကတော့ သူဟာ Scythian တွေဆီက ထွက်ခဲ့ပြီး မဂတ်စ်မှာ
ပညာသင်ခဲ့လိမ့်မယ်။ မဂတ်စ်တွေဟာ ဘေဘီလုံ မြို့ပြအုပ်ချုပ်ရေးအပေါ် လွှမ်းမိုးမှု ရှိတယ်။
ဒီတော့ အတော်ဆုံး ကျောင်းသား သိဒ္ဓတ္တဂေါတမဟာ ဘေဘီလုံရဲ့ ဘုရင် ဖြစ်လာနိုင်တယ်။
ဒီအနုမာနကို ပိုခိုင်မာစေတာက
ဘီဆိုတွန်း Bhistun ကျောက်စာပါ။ Bhistun Inscription ကို ဘုရင် ဒေးရီးယပ်စ်က ရေးခဲ့တာပါ။
ဘုရင် ဒေးရီးယပ်စ်ရဲ့ ကျောက်စာမှာ ဂေါတမဆိုတဲ့ သိဒ္ဓတ္တရဲ့ family name ကို Gomata
ဂေါမတအဖြစ် ရေးထားပါတယ်။ ဒါဟာ ပါရှားကျောက်စာတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အက္ခရာလွဲ
တခုပါပဲလို့ ဘာသာရေးပညာရှင် ဟာဗေးခရက်ဖ်က ဆိုပါတယ်။
မဂတ်စ်ကျောင်းသား
ဂေါမတ ဘုရင် ဖြစ်ခန်းကို အရင် ပြောချင်ပါတယ်။ ဆိုင်းရပ်စ်ဘုရင်ဟာ Scythian တွေနဲ့ တိုက်တဲ့
စစ်မှာ ကျဆုံးပါတယ်။ သားတော် Kambujiya က ဆက်ခံပြီး အီဂျစ်မှာ နယ်ချဲ့နေတယ်။ နန်းစိုက်ရာ
ဒေသနဲ့ ကွာဝေးတဲ့ နေရာမှာ ဘုရင်ဟာ ၃ နှစ်လောက် ကြာနေခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့
ဘာသာရေးအရ မဂတ်စ်ကျောင်းတော်မှာ ဘေဘီလွန်ဘုရင်ကိုယ်တိုင် တက်ရတဲ့ပွဲ ရှိတယ်။ ဒါကိုလည်း
ဘုရင်က ပြန်လာပြီး မတက်ရောက်တာ ကြာပြီ။ ဒီတော့ မဂတ်စ် ကျောင်းတော်ရဲ့ အတော်ဆုံး ဂေါမတကို
အချင်းချင်း လက်တို့ပြီး ဆိုင်းရပ်စ်မင်းရဲ့ သားတော် Bardiya ဘဒ္ဓိယ ( ဘားဒီးယား )
အဖြစ် နန်းတင်လိုက်ပါတယ်။
ဘုရင် ဘားဒီးယားတဖြစ်လဲ
ဂေါမတဟာ ဘုရင်မဖြစ်ချင်ဘဲ ဖြစ်လာရပါတယ်။ ပြီးတော့ ပြည်သူတွေကို အခွန်တွေ လျှော့ပေးတာ
နိုင်ငံပိုင် ( ဝါ ) တော်ဝင်မိသားစုပိုင် ပစ္စည်းတွေကို လှူဒါန်းပေးတာတွေ ရှိလာပါတယ်။
စိတ်ကောင်းရှိတဲ့ ဂေါမတကို ပြည်သူတွေက ချစ်ခင်ကြပါတယ်။ ဒါပေမယ့် တော်ဝင် မိသားစုကတော့
သဘောမကျပါ။ ဒါကြောင့် Darius ဦးဆောင်တဲ့ တပ်ဖွဲ့က အာဏာသိမ်းပိုက်ခဲ့ပါတယ်။ Darius လည်း
Darius the Great အဖြစ် ဘိသိတ်ခံပါတယ်။ သူ့ရဲ့သား Xerxes ဆိုတာ 300 ဇာတ်ကားထဲမှာ စပါတာကို
တိုက်တဲ့ ပါးရှားဧကရာဇ်ပါ။ ဂရိနိုင်ငံသမိုင်းတွေမှာ အကျော်ကြားဆုံး နယ်ချဲ့ဘုရင်ပါ။
အထက်က ပြောခဲ့တဲ့
ဂေါမတဘုရင် ဖြစ်ခန်း နန်းလုခံရခန်းတွေဟာ ဒေးရီးယပ်စ်နောက် နှစ်တရာလောက် နောက်ကျတဲ့
သမိုင်းပညာရှင် Herodotus ရေးသားခဲ့တာတွေပါ။ သူဟာ ပြည်သူတွေရဲ့ စစ်တမ်းတွေကနေ ရေးသားပြုစု
ခဲ့ပါတယ်။
နောက်တခုကတော့
ရှေ့က ပြောခဲ့တဲ့ ဘီဆိုတွန်း ကျောက်စာအရပါ။ ဒေးရီးယပ်စ်က သူ့ရဲ့ ကျောက်စာမှာ ဂေါမတကို
နန်းရရန် ဘားဒီးယား အယောင်ဆောင်သူ အဖြစ် ပုံဖော်ထားပါတယ်။ သူကတော့ နန်းမျိုး အမှန်
နိုင်ငံကို ပြန်လည် ရယူတာလို့ ဖော်ပြပါတယ်။ ဒါဟာ မဆန်းပါဘူး။ သမိုင်းဆိုတာ နိုင်သူ
ရေးစတမ်းပါ။ ကျနော့် အနေနဲ့ကတော့ ဒေးရီးယပ်စ်ဟာ ပြည်သူ့အချစ်တော် ဂေါမတကို ဖြုတ်ချလိုက်မိလို့
ပုန်ကုန်မှုတွေ မဖြစ်အောင် လူဆိုးအဖြစ် ပုံဖော်တယ်လို့ ယူဆပါတယ်။
နောက်ပြီး အာဏာသိမ်းတဲ့အခါ
Darius ရဲ့ အားတခုတည်းနဲ့ အာဏာသိမ်းဖြစ်ခဲ့တာ မဟုတ်နိုင်ပါဘူး။ Darius ရဲ့ နောက်ကွယ်မှာ
Zoroaster ကိုယ်တိုင် ရှိပါတယ်။ သူက ဖန်ဆင်းရှင် Assura Mazda ကိုယ်တော်တိုင်က
Darius ကို ဧကရာဇ်ဖြစ်မယ်လို့ ဟောခဲ့ကြောင်း တိုက်တွန်း ခဲ့ပါတယ်လို့ ဘီဆိုတွန်းမှာပါပါတယ်။
Darius နဲ့ သူ့သား Xerxes တို့က ဇော့ရော့အက်စတာဝါဒ ဖန်ဆင်းရှင် အက်စ်ရ မက်ဇ်ဒါ့ကို
ယုံကြည်ကြပါတယ်။ ဒါဖြင့် ဘာလို့ ဇော့ရော့အက်စတာ ပါလာတာလဲ။ ဘာလို့လဲဆိုတော့ ဂေါမတဟာ
အတွေးအခေါ် ပညာတတ်မို့ သူ့ရဲ့ ဝါဒကို ရှုထောင့်စုံက ဝေဖန်ပါလိမ့်မယ်။ ဒါကြောင့် သူ့ရဲ့သြဇာ
မကျဆင်းမီ အပြတ်ရှင်းစေခဲ့တာလို့ ယူဆမိပါတယ်။
Darius က
Gomata ကို သူကိုယ်တိုင် သတ်ခဲ့ကြောင်း ဘီဆိုတွန်းမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဂေါမတဟာ
မသေခဲ့လောက်ပါဘူး။ ဒေးရီးယပ်စ်နဲ့ လွတ်ရာကို ( ဒါမှမဟုတ် ဆိုင်ရပ်စ်ရဲ့ မချီးမြှောက်မှုကို
အားမရလို့ ) ထွက်ပြေးလာတဲ့ မဂတ်စ်ပညာရှိတွေ ရှိရာ သိန္ဒုမြစ်ကမ်းတဖက် အိနိ္ဒယကို တက္ကသီလာဘက်ကနေ
ဝင်ရောက်ခဲ့ဟန် တူပါတယ်။
ဒါကြောင့် တဖက်
ပါးရှန်းဘက်က အတွေးအခေါ်တွေ နယ်ပယ်စုံက အတွေးအခေါ်တွေ အားလုံးကို သူ့ရဲ့ ထင်မြင်ချက်နဲ့
ဗုဒ္ဓဟာ ပြန်လည် ပေါင်းစပ် စိစစ်လို့ ခိုင်မာတဲ့ အနတ္တဝါဒကို ထူထောင်ခဲ့တာ ဖြစ်နိုင်ပါတယ်။
ဥပမာ – မဟောသဓဇာတ်နဲ့ ဆော်လမွန်ဘုရင် တရားစီရင်ခန်းလိုမျိုးပါ။
နောက်တော့ ဗုဒ္ဓဟာ
ဗုဒ္ဓဖြစ်လာပါတယ်။ သူ့ရဲ့ အယူအဆ အတွေးအခေါ်တွေကို နေရာတိုင်းမှာ ပို့ချတယ်။ တပည့်တွေ
ပြုစု သင်ကြားပေးတယ်။ နောက်တော့ ဗုဒ္ဓဝါဒရယ်လို့ ဖြစ်လာပါတယ်။
ဗုဒ္ဓဟာ ဘေဘီလွန်ကလို့
ဆိုနိုင်ပါပြီ။ ဒါပေမယ့် ကျနော်တို့ အာလုံး သတိပြုသင့်တာက ယခုခေတ် ပထဝီအနေအထား အရသာ
ပါးရှားဘက်ကလို့ ဆိုရပေမယ့် မဟာဆိုင်းရပ်စ် အင်ပါယာ မချဲ့မီ ရှေးခေတ် အိနိ္ဒယဟာ အခုခေတ်ထက်
ပိုကျယ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ ဒါကြောင့်ပဲ ၂၀၁၀ မှာ “The Post American World”
စာအုပ်ထဲ ဒေါက်တာ ဖာရိဒ် ဇာကာရိယာက ဗုဒ္ဓဟာ အိနိ္ဒယသားလို့ ရေးခဲ့တာ ဖြစ်နိုင်ပါတယ်။
နောက်ဆက်တွဲများ
ကျနော် ရေးခဲ့တဲ့
ဒီစာနဲ့ ပက်သက်လို့ နောက်ဆက်တွဲ ၃ ခုဖော်ပြချင်ပါတယ်။
ပထမတခုကတော့ ဗုဒ္ဓဆိုတာနဲ့
ပက်သက်ပြီးတော့ပါ။ ဗုဒ္ဓဆိုတာ ဉာဏ်အလင်းပွင့်သူလို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမယ့် ဗုဒ္ဓဆိုတာကို
Dr.Ranajit Paul က သူ့ရဲ့ ဆောင်းပါး တခုမှာ သာမန် နာမည်အဖြစ်ပဲ ဖော်ပြထားပါတယ်။ သုဒ္ဓေါဒနဟာ
dana စကားဆက်နဲ့ နာမည် တလုံးရှိသလိုပဲ သိဒ္ဓတ္တမှာလည်း ရှိရမယ်လို့ ယူဆတာပါ။ ရာဇဘိသိတ်ခံဘွဲ့နဲ့
ငယ်မည်သဘောပေါ့။ မင်းသားအဖြစ် မခံခင်က သိဒ္ဓတ္တလို့ ပေးခဲ့ပြီး ဟူးရားတွေကတော့
dana နောက်ဆက်နဲ့ Buddho-dana လို့ ပေးတာပါလို့ Dr.Ranajit Paul က ဆိုပါတယ်။ dana အမည်ဆက်ဟာ
သုဒ္ဓေါဒနမှာတင် မဟုတ်ဘဲ သုက္ကောဒန သက္ကောဒန ဓောတောဓန အမိတောဒနဆိုပြီး ဒနဆက်ကြတဲ့ သြဒနညီအစ်ကိုတွေ
ဖြစ်ပါတယ်။ မသေချာသေးတဲ့ အနုမာနတရပ်သာ ဖြစ်ပါတယ်။
နောက်တခု ထပ်ဖော်ပြချင်တဲ့
နောက်ဆက်တွဲကတော့ ဂေါမတတဖြစ်လဲ ဘားဒီးယားဟာ ဗုဒ္ဓဖြစ်လာတာ မဟုတ်ဘဲ အာနန္ဒာနဲ့အတူ ရဟန်းပြုလာတဲ့
ဘဒိ္ဒယလား ဆိုတာပါ။ သကျတွေရဲ့ အုပ်ချုပ်မှုပုံစံအရ မဟာရာဇာရဲ့ အောက်မှာ ရာဇာရှိပါတယ်။
ဘဒ္ဒိယက ရာဇာ တယောက်ပါ။ ဒါကြောင့် ထေရမူအရပင် ဘားဒီးယားနဲ့ ဘဒိ္ဒယသက်ဆိုင်ခြင်း မရှိနိုင်ပါ။
( ဝိနည်း၊ စူဠဝဂ်၊ သံဃဘေဒက ခန္ဓက၊ ဆသကျ ပဗ္ဗဇ္ဇာကထာ။ )
နောက်ဆုံး တခုကတော့
သကျတွေနဲ့ ပက်သက်ပြီးပါ။ Cyrus ဟာ သကျ ( ဝါ ) sythians တွေနဲ့ တိုက်ခိုက်ရင်း ကျဆုံးပါတယ်။
ထိုခေတ်က Sythians တွေကို Massagetae လို့လည်း ခေါ်ပါတယ်။ ရေကြည်ရာ မြက်နုရာ ရှာဖွေ
နေထိုင်သူတွေပါ။ ထို့အတူ သကျတွေဟာလည်း ထေရအလို သြက္ကာကမင်း ရဲ့ ရေကြည်ရာ မြက်နုရာ ရှာဖွေ
နေထိုင်ကြတဲ့ သားသမီးတွေပါ။ ( ဒီဃနိကာယ်၊ အမ္ဗဋ္ဌသုတ်၊ အဋ္ဌကထာ။ )
သူရအောင္
ကိုးကား
_______
ဆသကျ ပဗ္ဗဇ္ဇာကထာ
ဒီဃနိကာယ်၊ အမ္ဗဋ္ဌသုတ်
The 100 –
Michael H.Hart
Man’s
Religions – John Noss
The Buddha
From Babylon – Harvey Kraft
English
Translation Of Bhistun Inscription
https://en.m.wikipedia.org/wiki/Buddhism_in_Afghanistan
http://wisdomquarterly.blogspot.com/2013/12/was-buddha-born-in-afghanistan-movie.html?m=1
https://www.linkedin.com/pulse/ancient-origins-links-babylonian-king-man-who-became-buddha-kraft
http://www.ancient-origins.net/opinion-guest-authors/ancient-persian-inscriptions-link-babylonian-king-man-who-became-buddha-003001
Bhistun ကျောက်စာ
အင်ဂလိပ်ြပန် ဖတ်ရန်
အဓိကကြည့်ရန်
column 1
para 11 12 13 ဂေါမတအကြောင်း
column 3
para 40 – 45 ဘားဒီးယားအကြောင်း
column 4
para 68 မှာ ဂေါမတအကြောင်း အတိုချုံ့ထားပါတယ်။
ကျေးဇူးတင်ခြင်း
_____
လိုအပ်သော စာအုပ်စာတမ်းများ
လမ်းညွှန်ပေးခဲ့သော အဖက်ဖက်က ကူညီခဲ့သည့် ကိုကျော်ငယ် မှတ်စုကြမ်းကို ကျေးဇူးတင်ပါတယ်။

Post a Comment