ဒေးလ်ကာနေဂျီ
လူသန်းပေါင်းများစွာကို
ပြောင်းလဲခြင်း
■ ဝါရင်းစဘတ်က သင်ခန်းစာ
ဒေးလ်ကာနေဂျီ
ငယ်ငယ်က ဆင်းရဲပါတယ်။ မြို့တွေ တစ်မြို့ပြီး တစ်မြို့ ရွေ့ပြောင်းနေထိုင်ကြတဲ့ လယ်သမား
မိသားစုကနေ ပေါက်ဖွားလာတာပါ။ ၁၈၈၈ နိုဝင်ဘာ ၂၄ မှာ ဒေးလ်ကို ဟာမိုနီချာ့ချ်မြို့ငယ်မှာ
မွေးပါတယ်။
ဟာမိုနီချာ့ချ်ကနေ
ဘက်ဒီဆင်၊ ကတ်ဆက်စီးတီး၊ နောက်ဆုံး ဝါရင်းစဘတ်မြို့ကို ပြောင်းပါတယ်။ ဝါရင်းစဘတ်မှာ
ဒေးလ်က ဆရာအတတ်သင်ကျောင်း တက်ပါတယ်။ ဒေးလ်အမေ အာမန်ဒါက ဒေးလ်အဖေ ဂျိမ်းစ်ကာနေဂျီနဲ့
အိမ်ထောင်မပြုခင်မှာ ဆရာမ တစ်ဦး ဖြစ်တာမို့ သူ့ရဲ့သားတွေကို ကျောင်းဆရာ သို့မဟုတ် တရားဟောဆရာ
တစ်ခုခု ဖြစ်စေချင်သူပါ။ အာမန်ဒါ ကိုယ်တိုင်ကလည်း အရက်ဆန့်ကျင်ရေးပွဲတွေမှာ အပြောအဟောကောင်းတဲ့
သူတစ်ယောက်ပါ။ ဒေးလ်ဟာ အမေတူလို့ အဟောအပြောပါရမီ ရခဲ့ဟန်တူပါတယ်။
အဖေဖြစ်သူ ဂျိမ်းစ်ကတော့
ရွံ့တတ်သူ တွန့်ဆုတ်တတ်သူပါ။ ဒေးလ်ငယ်တုန်းက အလုပ်တွေ တစ်ခုပြီးတစ်ခု ပြောင်းလုပ်ခဲ့ပေမဲ့
မအောင်မြင်ခဲ့ပါဘူး။ အာမန်ဒါကတော့ စိတ်ဓာတ်ကြံ့ခိုင်သူ တစ်ယောက် ဖြစ်ပြီး အမြဲပဲ ဒေးလ်အဖေကို
အားပေးခဲ့ရသူပါ။ ဒေးလ်မှာ ကလစ်ဖ်တန်ဆိုတဲ့ တစ်အူထုံဆင်း ညီကိုရင်းတစ်ယောက်လည်း ရှိပါသေးတယ်။
အစ်ကိုဟာ အဖေဖြစ်သူလိုပဲ စိတ်ဓာတ်သတ္တိအားနည်းသူ၊ ပျင်းသူ ဖြစ်ပါတယ်။ နောက်ပိုင်း အဆက်အဆံမတွေ့ရပါ။
ဝါရင်းစဘတ်ကို
ရောက်တော့ ဒေးလ်ဟာ ထင်ပေါ်ချင်ပါတယ်။ နာမည်ကြီးချင်တယ်။ နာမည်ကြီးရင်တော့ သူဆင်းရဲတာကို
ကာမိမယ်လို့ တွက်ပါတယ်။ ဒီတော့ နာမည်ကြီးဖို့ နည်းကို ရှာပါတယ်။ ဝါရင်းစဘတ်မှ နာမည်ကြီးဖို့က
ဟောတတ် ပြောတတ်ရင် ရပြီ။ စကားရည်လုပွဲလို ပွဲမျိုးကို တစ်မြို့လုံး လာကြည့်တတ်ကြတာကိုး။
ဒီတော့ သူဟာ
သံနေသံထား မှန်မှန်နဲ့ ဟောနည်းပြောနည်းကို လေ့လာပါတယ်။ လေ့ကျင့်ပါတယ်။ ဒိတ်ဒိတ်ကြဲ
အဟောဆရာတွေရဲ့ ဟောပြောချက်တွေကို တုပပါတယ်။ ဒါပေမဲ့ တုပတတ်ရုံနဲ့ ဟောပြောနိုင်တာ မဟုတ်တာ
သူသိသွားပါတယ်။ ဆင်းရဲနေခြင်းကြီးက သူ့ဖို့ စိုးရိမ်ဖိစီးနေစေတယ်။ သောကတွေပွားနေတယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ လေးစားမှု ပျောက်ဆုံးပြီး ထိုက်သင့်တဲ့ အောင်မြင်မှုကို
မရဘဲရှိနေပါတယ်။ ဒါကို တွေ့ရှိပြီး မကြာခင်မှာပဲ ပြင်ဆိုင်နိုင်ခဲ့တဲ့အခါ သူ သူ့ပါရမီနဲ့အတူ
ကျောင်းသားထုကြား ရေပန်းစား လာခဲ့ပါတယ်။ အခြား ကျောင်းသားတွေကိုတောင် အဟောအပြောဟန်
သင်ပေးရတဲ့အထိပါပဲ။
ဝါရင်းစဘတ်မှာ
သူရှာတွေ့ခဲ့တဲ့ သင်ခန်းစာကတော့ မိမိကိုယ်ကိုယ် ယုံကြည်ဖို့၊ လေးစားဖို့ပဲ ဖြစ်ပါတယ်။
ဟောသူ ပြောသူဟာ ယုံကြည်ချက်မရှိရင်၊ ငါဟာ အညတရလေးပါပဲလားဆိုပြီး သိမ်ငယ်နေရင် ဟောတဲ့
ပြောတဲ့အခါ လုံလုံလောက်လောက် ဩဇာမရှိနိုင်လို့ပါ။
■ သရုပ်ဆောင်ခြင်းနှင့် ဟောပြောခြင်း
ကာနေဂျီဟာ ဆရာအတတ်သင်ကောလိပ်ကနေ
ဘွဲ့မရဘဲ ထွက်လာခဲ့တယ်။ မိတ်ဆွေတစ်ယောက်ရဲ့ အကြံပေးချက်အရ သူ့ပါရမီနဲ့ဆို အရောင်းသမားလုပ်ရင်
အောင်မြင်မှာပဲဆိုပြီး အရောင်းသမား ဝင်လုပ်တယ်။ ထင်သလောက် မပေါက်ဘူး။
ဒါနဲ့ မီးရထားပေါ်
နွားတစ်အုပ်နဲ့ အိုမာဟာကို လိုက်သွားပြီး အသား အရောင်းကိုယ်စားလှယ်ယူတယ်။ အောင်မြင်တယ်။
တချို့ အသားသည်တွေက ပိုက်ဆံမပေးနိုင်သေးဘူး။ ဒါတွေယူသွားဆိုလည်း သူယူတယ်။ တစ်ခါက ဖိနပ်သစ်တွေ
ပေးတယ်။ သူယူပြီး အလုပ်သမားတွေကို ပြန်ရောင်းလိုက်တယ်။ မြတ်တောင်မြတ်သေးတယ်။
အာဝဇ္ဇန်းရွှင်တဲ့
အရောင်းသမားအဖြစ် ပေါက်တော့ သူ့ကို မန်နေဂျာရာထူးတိုးပေးကြဖို့ ကုမ္ပဏီက ပြောတယ်။ သူ
လက်မခံခဲ့ပါ။ မန်နေဂျာရာထူးထက် အရောင်းသမားဘဝကိုသာ သူက ပိုကျွမ်းကျင်လို့ပါတဲ့။ ဒီလိုနဲ့
သူ ပိုက်ဆံစုမိလာတာ ဒေါ်လာ ၅၀၀ ရှိပြီ။ ဒါနဲ့ အမေရိကန်အရှေ့ပိုင်းဘက် သွားတယ်။ ဒေးလ်က
သဘင်သည် ဖြစ်ချင်နေတယ်။ နယူးယော့ခ်မှာ သဘင်သည် ပညာသင်ကျောင်းရှိတယ်။ အဲ့ဒီကျောင်းမှာ
တက်ပြီး ပညာသင်တယ်။ ပညာကုန်ရပြီးတော့ သူထင်ထားသလို စူပါမင်းသားတော့ မဖြစ်။ သို့ပေမဲ့
နယ်လှည့်ဇာတ်ပွဲတွေမှာပါခဲ့လို့ အတွေ့အကြုံ ပိုစုံသွားတယ်။
ဒေးလ်ကာနေဂျီ
တွေ့ရှိသွားတာဟာ သရုပ်ဆောင်ပညာနဲ့ အဟောအပြောပညာရဲ့ အဆက်အစပ်ပါ။ သရုပ်ဆောင် ပညာမှာ မုဒ်ရှိသလို
ဟောပြောတဲ့နေရာမှာလည်း မုဒ် ထည့်ဖို့ လိုအပ်တယ်။ စိတ်နှစ်ပြီး သရုပ်ဆောင်ရသလို စိတ်နှစ်ပြီး
ပြောမှ ပြောရတာဟာ ပိုအသက်ပါတယ်။
လက်ဟန်ခြေဟန်တွေကို
သေချာလုပ်ယူလို့ မရဘူး။ မုဒ်ဝင်သွားမှ ဖြစ်လာတာတွေဖြစ်တယ်။ ဈာန်ဝင်နေတဲ့ ဟောပြောသူရဲ့
လက်အလှုပ်ခြေအလှုပ်တွေဟာ ပရိသတ်ကို ညို့ယူနိုင်စွမ်းရှိတယ်။ သူသိခဲ့တာကတော့ စိတ်အားထက်သန်စွာ
လုပ်ဆောင်ပါ။ စိတ်နှစ်ပြီး ဟောပြောပါ။ အဟောအပြောမှာ ဒါက အဓိက ဖြစ်ပါတယ်။
■ ဟောခြင်းပြောခြင်းအခြေခံ
ဟောတဲ့ ပြောတဲ့
နေရာမှာ ပရိသတ်ကို ကြောက်စိတ် ပရိသတ်က ခြောက်စိတ်ဆိုတာရှိတယ်။ ဒါကို ခံနိုင်ရည် ရှိရင်
ဟောနည်းပြောနည်းကို အတော်ရပြီလို့ ပြောနိုင်တယ်။ ဒါကို ခံနိုင်ဖို့ဆိုတာ အလေ့အကျင့်
ရှိမှ ဖြစ်မယ်လို့ ကာနေဂျီက သိခဲ့တယ်။
အရင်က ကျောင်းမှာ
သူအဟောအပြောနည်းပြ လုပ်ခဲ့တုန်းက မိန့်ခွန်းတွေကို တုပ ပြောဟန်ပဲ အဓိကထား သင်ပေးခဲ့တယ်။
နောက် ဝိုင်အမ်စီအေမှာ အဟောအပြောဆရာလုပ်တော့ သူ့ဆီ လာတက်တဲ့ သင်တန်းသားတွေဟာ ကျော်ကြားတဲ့
မိန့်ခွန်းတွေ ပြောတတ်ချင်တာ မဟုတ်ဘဲ လူထဲသူထဲ စကားပြောတတ်ချင်တာမှန်း သိလာတယ်။
စကားပြောတယ်ဆိုတာ
အတွေးတွေကို ထုတ်ပြောတာ။ အတွေးတွေဆိုတာ အသိပညာတွေအပေါ် အခြေခံတာ။ သိသမျှ အသိပညာလေးကို
ပါဝါတစ်ခုဖြစ်အောင် ပြောင်းလဲတတ်ရမယ်။ အသုံးချတတ်ရမယ်။ အသုံးမချ သေးသရွေ့ အသိပညာသည်
အလကားပဲ။ ဆည်းပူးထားတဲ့ ဗဟုသုတတွေ တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေကို ပါဝါပါတဲ့ စကားလုံးတွေဖြစ်အောင်
ပြောင်းလဲတတ်ဖို့ ကာနေဂျီက သင်ပေးချင်တာဖြစ်ပါတယ်။ အတွေးတွေကို စကားလုံးတွေအဖြစ် ပြောင်းတဲ့အခါ
အစီအစဉ်ကျဖို့ ကြိုပြင်ဆင်ဖို့လည်း အားပေးပါသေးတယ်။
တကယ်တော့ အကြိမ်များများ
စကားပြောလေ၊ ပိုပြောတတ် ဆိုတတ်လေပဲ။ သင်တန်းထဲမှာ လေ့ကျင့်တဲ့ အနေနဲ့ ပြောရပါတယ်။ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှု၊ လေးစားမှုတွေရအောင် ပြောတဲ့အခါမှာလည်း သင်တန်းသား အချင်းချင်း ဩဘာပေးတာတွေ
ကိုယ်တိုင်က ချီးကျူးတာတွေ ဒေးလ်က လုပ်လေ့ရှိပါတယ်။
စကားပြောအလေ့အကျင့်ကြောင့်
ရဲလာမယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည် လေးစားလာမယ်။ စိတ်အား ထက်သန်လာမယ်။ မုဒ်ဝင်လာတဲ့အခါ
ထက်သန်တဲ့ စိတ်အားကြောင့် ခြေဟန်လက်ဟန်တွေ ပါလာပြီး ပရိသတ်ကို သိမ်းကျူံးသွားနိုင်မယ်။
လက်ဟန်ခြေဟန်တွေ မပါတောင် ဒါမှသာ စကားလုံးတွေက အသက်ဝင်မှာပါ။ ဒါက ကာနေဂျီရဲ့ အဆင့်ဆင့်နည်းစဉ်ပါ။
စကားပြောတဲ့အခါ
ဟောတဲ့ ပြောတဲ့အခါ ကိုယ်ပိုင် မူဟန်က အရေးကြီးပါတယ်။ ကိုယ်ပိုင်မူဟန်ကို စိတ်အားထက်သန်မှု(မုဒ်)ကသာ
ပြုလုပ်ပေးတယ်။ ကာနေဂျီနည်းကတော့ စကားပြောသူ သက်တောင့်သက်သာ ဖြစ်ရေးအဓိကပါပဲ။ အိတ်ကပ်ထဲ
လက်ထည့်ချင်ထည့်မယ်။ လက်ဟန်ခြေဟန် ပါချင်မှ ပါမယ်။ သို့သော် ကိုယ်ပိုင်ဟန်ဖြစ်မှ အသက်ဝင်မှာမို့
စိတ်အားထက်သန်မှုက ပိုအရေးကြီးတယ်။
■ ကိုယ်တိုင်လည်း အသုံးချ ပေါက်မြောက်ခဲ့သူ
ဒေးလ်ကာနေဂျီ
ရေးခဲ့သမျှတွေထဲ အပေါက်ဆုံးက မိတ္တဗလဋီကာပဲ။ သူ့မိတ်ဆွေ ရေဒီယိုအကျော်အမော် လိုဝယ်လ်သောမတ်စ်
ကိုယ်တိုင် အမှာစာ ရေးပေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။ စာအုပ်ထွက်ထွက်ချင်းတုန်းက သူ့သင်တန်းသား
တစ်ယောက်စီကို ထုတ်ဝေသူ လီယွန်ရှင်မ်ကင်က တစ်အုပ်စီ လက်ဆောင် ပေးပါတယ်။ ထင်မထားဘဲ မားကတ်တင်း
ကောင်းသွားတာပေါ့။ ဒီလို ညွှန်းရင်းနဲ့ ပေါက်သွားတာမှ သမ္မာကျမ်းစာပြီးရင် ဒုတိယမြောက်
အရိုက်ရဆုံး စောင်ရေဖြစ်သွားတာပဲ။ စီးပွားပျက်ကပ်ကာလမှာဆိုတော့ ပိုပြီး ပေါ်ပြူလာဖြစ်ပါတယ်။
စာအုပ်ကြီး
ပေါက်သွားတော့ ဒေးလ်ကာနေဂျီတော့ မိတ္တဗလအတော် ကြွယ်မှာပဲလို့ မထင်စေချင်ဘူးတဲ့။ အင်တာဗျူး
တစ်ခုမှာ သူ ဖြေထားတာက " ကျွန်နော် လူမှုဆက်ဆံရေးမှာ မကောင်းသေးလို့ စမ်းရင်း
စမ်းရင်း ရှာတွေ့ထားတာတွေပါ"တဲ့။
စိတ်ဝင်စားဖို့
ကောင်းတာက ကာနေဂျီရဲ့ စာဖတ်သူကို လွှမ်းမိုးတဲ့ ပုံစံပါ။ ကာနေဂျီက မိတ္တဗလဋီကာကို ရေးတော့
အပိုင်း ၃ ပိုင်းနဲ့ ရေးသွားပါတယ်။ နံပါတ် ၁ ဥပမာများပါ။ ဥပမာ ဇာတ်လမ်းတွေ အရင်ပြပါတယ်။
နံပါတ် ၂ ပြောလိုတာ။ ဒီဇာတ်လမ်းတွေကနေ ကိုယ်ပြောလိုတာကို ဆွဲပြပါတယ်။ နံပါတ် ၃ အကျိုးကျေးဇူး။
ဒီလူတွေ ဒါလုပ်လို့ ဒီလိုဖြစ်တာလို့ ရေးပြပါတယ်။ ဒါကို ကာနေဂျီက ဝါ့ခ်ဘွတ်ခ် အလုပ်စာအုပ်လို့
ခေါ်ပါတယ်။ သီအိုရီ နည်းနည်း။ လက်တွေ့မှာများများသုံးပေါ့။
ကာနေဂျီက အမြဲ
ဒီနည်းကို သုံးပါတယ်။ သူအဟောအပြောသင်ဆရာ ဖြစ်စက သီအိုရီ တခွဲသားနဲ့ စာအုပ်တွေ ရေးခဲ့ပေမဲ့
နောက်ပိုင်း လက်တွေ့ကို ပိုချဉ်းကပ်လာတယ်။ ဒါက စာဖတ်သူကို သူနဲ့ ပိုရင်းနှီးစေပြီး
ဘယ်နေရာမှာ ဘယ်လို သုံးရမယ်ဆိုတာပါ သိစေတယ်လို့ သူက ခံယူတယ်။
ကာနေဂျီဟာ မိတ္တဗလနဲ့
ပေါက်တယ်။ ကျော်ကြားသွားတယ်။ အံ့ဩဖို့ကောင်းတာက သူကိုယ်တိုင်တောင် ဒီနည်းတွေ အကုန်လုံးတော့
မလိုက်နာရသေးဘူးလို့ ပြောပါတယ်။ သူက မဝေဖန်နဲ့။ ချီးကျူးလို့ ပြောတယ်။ တကယ်က ဝေဖန်ဖြစ်တယ်တဲ့။
ကာနေဂျီရဲ့
ထူးခြားတဲ့ပါရမီကို မိတ္တဗလနဲ့ ဆက်မိလို့ ထုတ်ပြစရာအခြေအနေတစ်ခုလည်း ကြုံလာခဲ့သေးတယ်။
အမေရိကန်စာပေသမားတွေ အသင်းမှာ သူ့ကို တက်ပြောခိုင်းတယ်။ မိတ်ဆွေတွေက ဒီလူတွေက သူ့ကို
ဝေဖန်ထားတဲ့ ဒိတ်ဒိတ်ကြဲကြီးတွေမို့ ငြင်းခိုင်းပေမဲ့ သူမငြင်းဘဲ ပြောခဲ့ပါတယ်။ ချောချော
မွေ့မွေ့ပဲ။ ဒိတ်ဒိတ်ကြဲကြီးတွေကို သူဆွဲဆောင် သွားနိုင်ခဲ့တယ်။ ထက်သန်တဲ့စိတ် ကိုယ်ပိုင်ဟန်နဲ့
သူ့သင်တန်းမှာ သူသင်တဲ့ နည်းကိုပဲ သူသုံးသွားခဲ့တာပါ။

Post a Comment