ပြင်ပမှ အားတစ်စုံတစ်ရာ မသက်ရောက်မချင်း ရပ်တန့်နေသောဝတ္ထုသည် ဆက်လက်ရပ်တန့်နေပြီး ကိန်းသေ အလျင်ဖြင့် ရွေ့လျားနေသော ဝတ္ထုသည် ထိုကိန်းသေအလျင်နှင့်ပင် ဆက်လက်၍ ရွေ့လျားနေမည် ဆိုတဲ့ နယူတန်ရဲ့ ပထမ ဥပဒေသ အီနားရှားကို မကြားဖူးတဲ့ ကျောင်းသား မရှိနိုင်ပါဘူး။ တကယ်တော့ အီနားရှား သဘောတရားဟာ ကျွန်နော်တို့နဲ့လည်း ရင်းနှီးတဲ့ နိယာမတစ်ခု ဖြစ်နေပါတယ်။
ဘုတ်ပြားတစ်ချပ်ပေါ်မှာ ဂေါက်သီးတစ်လုံးကို လှိမ့်လိုက်တဲ့အခါ
ဂေါက်သီး လိမ့်သွားပါတယ်။ ဒါပေမဲ့ တစ်ခုသော အနေအထားမှာ ရပ်တန့်သွားတယ်။
အီနားရှား သဘောတရားကို မသိတဲ့သူကတော့ ဒါဟာ ဂေါက်သီးကို ပေးလိုက်တဲ့ အားပမာဏ
ကုန်သွားလို့ပဲ။ အချိန်တစ်ခု မှတ်လိုက်မယ်။ ဒီအချိန်အတွင်းမှာ ဒီအား ပမာဏ
ကုန်ဆုံးရင် ဂေါက်သီးရပ်သွားမှာပဲလို့သာ ထင်စရာရှိပါတယ်။ ဒါဆို ဒီဂေါက်သီးကိုပဲ
တူညီတဲ့ အားပမာဏနဲ့ ဘုတ်ပြားပေါ်မှာ နောက်တစ်ကြိမ် လှိမ့်ပါမယ်။ ခုနက
ဘုတ်ပြားပေမဲ့ ဒီတစ်ခါတော့ ချောဆီ သုတ်ထားလိုက်မယ်။ ဒါဆို
ခုနကအချိန်အတွင်းမှာတင်ကို အကွာအဝေး ပိုပီး ရောက်တာ တွေ့ရပါလိမ့်မယ်။
ဒီတော့ ကျွန်နော်တို့မှာ စဉ်းစားဖို့ လိုလာပါပြီ။
ဘယ်လိုမျိုးများ ဒီဂေါက်သီးကို ပေးလိုက်တဲ့ အားပမာဏ ကုန်ဆုံးသွားတာလဲ။
အချိန်ပေါ် မသက်ဆိုင်တာတော့ သေချာပြီ။ ဒါဆို သူ့ကို ချေဖျက်နေတဲ့ ဆန့်ကျင်ဖက်
အားတစ်ခုများ ရှိနေမလား။ အသေအချာပါပဲ။ ဒီအားကို ပွတ်မှုအားလို့ ခေါ်ပါတယ်။
အင်္ဂလိပ်လိုဆိုရင်တော့ frictional force ပေါ့။ နယူတန်က သူ့ရဲ့ ပထမဥပဒေသမှာ ဒီပုန်းကွယ်နေတဲ့
အားအကြောင်း ဖော်ပြခဲ့တာပါ။
နယူတန်ဟာ ပထမဥပဒေသမှာ ဒီပုန်းလျိုးကွယ်လျိုး လုပ်နေတဲ့
အားတွေရဲ့ သဘာဝကို ဖော်ပြပြီး ဒုတိယဥပဒေသမှာတော့ ဒီအားတွေကို ဘယ်လို
ဖော်ထုတ် တိုင်းတာမလဲဆိုတာ ဖော်ပြပါတယ်။ သူ့ရဲ့ ဒုတိယ ဥပဒေသကို သင်္ချာလို
ရေးရမယ်ဆိုရင်တော့ F = ma ပေါ့။ စာနဲ့ ဘာသာပြန်ရမယ်ဆို
ဝတ္ထုတစ်ခုပေါ်မှာရှိတဲ့ အသားတင်အားသည် ထိုဝတ္ထုရဲ့ ဒြပ်ထုပမာဏနဲ့
ထိုဝတ္ထုရရှိသော အရှိန်ပမာဏ မြှောက်လဒ်တို့နဲ့ တူညီသည်တဲ့။ ရိုးရိုးလေး
ပြောမယ်ဆိုရင် ဒြပ်ထု mass m ရှိတဲ့ ဝတ္ထုကို အရှိန် accelaration a ရဖို့အတွက်
အားပမာဏ Force F လိုတယ်ပေါ့၊
X ray စက်တွေမှာဆိုရင် အီလက်ထရွန် အမှုန်တွေကို သုံးတယ်။
အဲ့ဒီအမှုန်တွေရဲ့ အရှိန်တွေ လိုချင်ရင် အရင်ဆုံး စက်တွေရဲ့
လျှပ်စစ်စက်ကွင်းပြင်းအားနဲ့ အီလက်ထရွန် တစ်လုံးရဲ့ လျှပ်စစ်ပမာဏနဲ့ကို သိရင်
ရပါပြီ။ အဲ့ ၂ ကောင်ကနေ လျှပ်စစ်အားကိုရမယ်။ အဲ့ကနေမှ အရှိန်ကို အကြမ်းအားဖြင့်
တွက်ထုတ်ပြနိုင်တာပေါ့။
တကယ်တမ်း ပြောရမယ်ဆိုရင် နယူတန်ရဲ့ ဥပဒေသ ၃ ခုလုံးဟာ
အားတွေအကြောင်း ပြောတာပါပဲ။ ဒါကြောင့်ပဲ နယူတန်ကို ဂုဏ်ပြုတဲ့ အနေနဲ့ အားရဲ့
ပမာဏကို တိုင်းတာတဲ့ ယူနစ်(မတ္တာ)ကို newton နယူတန်လို့ စံစနစ်မှာ
သတ်မှတ်ထားပါတယ်။ ဒုတိယဥပဒေသအရဆို 1 newton = 1 kg meter per second per second
ဖြစ်တာပေါ့။ ဒီနေရာမှာ m per sec per sec ဆိုတာလေး သိဖို့ လိုပါမယ်။ m per sec
ဆိုတာ တစ်စက္ကန့်မှာ တစ်မီတာရွေ့သွားခြင်းပေါ့။ နောက် per sec ဆိုတာ အဲ့နှုန်းဟာ
စက္ကန့်နဲ့အလိုက် ဆက်ပြောင်းနေခြင်းပါ။
အရွေ့တစ်ခုရှိတယ်ဆိုတာ အရာဝတ္ထုတစ်ခု တစ်နေရာကနေ တစ်နေရာ
ပြောင်းတာပါ။ လမ်းကြောင်းရှိရှိနဲ့ အဆက်လိုက် သွားနေရင် ဒါက အလျင် velocity
တစ်ခု ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် အလျင်ရဲ့ ယူနစ်က meter per sec
တဲ့။ တစ်စက္ကန့်မှာ ရွေ့သွားသော တစ်မီတာပေါ့။ တကယ်တော့ အရှိန်ဆိုတာ အလျင်ရဲ့
ပြောင်းလဲနှုန်းသာ ဖြစ်ပါတယ်။ အလျင်ဟာ အချိုးတစ်ခုအတိုင်း ပြောင်းလဲနေရင်
အရှိန်က ကိန်းသေပါ။ ဥပမာ အဆောက်အဦ အမြင့်ပေါ်ကနေ ခဲတလုံး
မျဉ်းဖြောင့်အတိုင်း လွှတ်ချလိုက်မယ် ဆိုရင် အလျင်ဟာ အချိုးညီညီ
တိုးသွားလိမ့်မယ်။ အဲ့ဒီ တိုးနှုန်းကို အရှိန်လို့ ခေါ်တာပါပဲ။ ( အလားတူပဲ အလျင်
လျော့ရင် လျော့နှုန်းကို ဆုတ်ရှိန် decelaration လို့ ခေါ်ပါတယ်။ )
ခုလို အလျင်ရဲ့ တိုး/လျော့နှုန်းတွေက အရှိန်ဖြစ်တယ်ဆိုတော့
အလျင်သာ ကိန်းသေ(မတိုးမလျော့)ဆိုရင် အရှိန်က သုညဖြစ်ပါတယ်။ ဆိုလိုတာက
ပြင်ပသက်ရောက်အား မရှိဘူး။ ကိန်းသေအလျင်ဖြင့် ရွေ့လျားနေသော ဝတ္ထုသည်
ထိုကိန်းသေအလျင်နဲ့ပင် ဆက်လက်ရွေ့လျားနေမယ်။ ပြင်ပ သက်ရောက်အား
မရှိလို့ဆိုတဲ့ ပထမဥပဒေသနဲ့ ပြန်ကိုက်ညီပါတယ်။
ကျွန်နော်တို့ အပေါ်မှာတုန်းက ဝတ္ထုပစ္စည်းလေးကို လွှတ်ချရင်
အလျင်တိုးလာတာနဲ့အမျှ အရှိန်တစ်ခု ရလာတယ်လို့ ပြောခဲ့ပါတယ်။ သို့သော် ဒီအရှိန်က
ကိန်းသေဖြစ်နေပါတယ်။ အချက် ၂ ချက်ကြောင့်ပါ။ ပထမတစ်ချက်က အလျင်တွေက
တိုးနှုန်းမှန်မှန်ကြီးပဲ တိုးလို့ပါ။ နောက်တစ်ချက်ကတော့ အောက်ကို ပြုတ်ကျတယ်ဆိုတာ
ကမ္ဘာမြေကြီးယဲ့ ဆွဲငင်အားကြောင့်ပါ။ ဝတ္ထုတစ်ခုရဲ့ အလေးချိန်ကို
ကမ္ဘာမြေဆွဲအားလို့ ခေါ်ပါတယ်။ လေရဲ့ ခုခံမှုရှိငြား
အင်မတန်နည်းပါးလွန်းတာကြောင့် ဝတ္ထုရဲ့ အလေးချိန်က ကိန်းသေလို့ ယူဆတယ်လို့ပဲ
အလွယ်ဆိုနိုင်ပါတယ်။ ဒီနေရာမှာ တွေ့ရတဲ့ ကမ္ဘာ့ဆွဲရှိန်ဆိုတာ accelaration due
to gravity လို့ ခေါ်ပါတယ်။ တန်ဖိုးအားဖြင့် g = 9.8 m/s² ရှိပါတယ်။ ဒီအရှိန်နဲ့
အဲ့ဒီဝတ္ထုရဲ့ အလေးချိန်ကို ရှာဖို့ ညီမျှခြင်းတစ်ခုရှိပါတယ်။ F = mg တဲ့။
မျက်စိရှုပ်မသွားကြဖို့ မျှော်လင့်ပါတယ်။ F က ဝတ္ထုအလေးချိန် m က
ဒြပ်ထုတဲ့။ တူတူပဲ မဟုတ်ဘူးလားဆိုပြီး မယောင်သွားပါနဲ့။ တကယ်တော့ မတူပါဘူး။
ကျွန်နော်တို့ ခန္ဓာကိုယ်ဆိုတာ တကယ်တော့ ဒြပ်တွေနဲ့ ဖွဲ့စည်း ထားတာ မဟုတ်လား။
ကျွန်နော်တို့မှ မဟုတ်ပါဘူး။ ဘယ်ပစ္စည်းမဆို အက်တမ်တွေနဲ့ ဖွဲ့စည်းထားတာချည်းပဲ။
ဆိုတော့ ဒြပ်ထု mass ဆိုတာ ဒီရုပ်ဒြပ်အစုကြီး ပမာဏပါ။ weight တစ်နည်းအားဖြင့်
force F ဆိုတာ ဒီဒြပ်ထုကြီး တည်ရှိနေတဲ့ ဂြိုဟ်ရဲ့ အဲ့ဒါကြီးပေါ်
သက်ရောက်အားပါ။ ဆိုလိုချင်တာက ဒြပ်ထုဆိုတာ စကြဝဠာတစ်ခုလုံးမှာ
ဘေးပယောဂကြောင့် ရုပ်ဒြပ်တွေ မပဲ့ထွက်သရွေ့ တည်မြဲတယ်။ အလေးချိန်ဆိုတာ
နေရာဒေသလိုက်ပြီး ပြောင်းသေးတာ။ ဒါကြောင့် ကိုယ်အလေးချိန် ၆
ပေါင်လျော့ချင်ရင် လပေါ်ကို သွားချိန်တဲ့။ နေရာတစ်နေရာနဲ့တစ်နေရာ
accelaration due to gravity က ကွာခြားပါတယ်။
ဒါဆို လေထုရှိနေတဲ့ ကမ္ဘာမှာ အထပ်မြင့်က ပြုတ်ကျလာတဲ့ ခဲလေးဆို
သူ့မှာ အလေးချိန်ဆိုတဲ့ အားတစ်ခု ရှိမှာပဲလေ။ ဒီအားကို ပြန်ခုခံနေတဲ့ လေထုရဲ့
ခုခံမှုကိုရော ထည့်တွက်စရာမလိုဘူးလားဆိုတော့ လိုပါတယ် သေးငယ်လွန်းလို့
မတွက်တော့တာပါ။ တတိယဥပဒေသအကြောင်း ကျွန်နော်တို့ မဆွေးနွေးခင် ကျွန်နော်
ပြောချင်တာ တစ်ခု ရှိပါသေးတယ်။ ခုခံအားအကြောင်းပါ။ ပထမဥပဒေသအကြောင်း
ဆွေးနွေးတုန်းက ဆန့်ကျင်ဘက် အားတစ်ခုလို့ ပြောခဲ့ပါတယ်။ ရူပဗေဒမှာ
မတ္တာတွေကို ခွဲခြားကြတဲ့အခါ ပမာဏသပ်သပ် scalar နဲ့ လားရာရော ပမာဏပါပါတဲ့ vector
ဆိုပြီး ၂ မျိုး ကွဲပါတယ်။ အားဟာ ဗက်တာအမျိုးအစားထဲမှာပါဝင်လို့ လားရာကိုပါ
ထည့်ပြီး စဉ်းစားရပါတယ်။
ဆိုပါစို့ ဘောလုံးလေးကို တောက်လိုက်တယ်။ အား 5 N ရသွားတယ်။
ဒါပေမဲ့ ပွတ်မှုအားက 2 N ဆိုရင် အသားတင်အား F ဟာ 5 - 2 = 3 N သာကျန်ပါမယ်။ F = ma
ဆိုတဲ့ ညီမျှခြင်းက F ဟာ အသားတင်အား 3 N ဖြစ်ပါတယ်။ ကျွန်နော်တို့
သက်ရောက်လိုက်တဲ့ အားနဲ့ ပမာဏ တူတဲ့ ပွတ်မှုအားရှိနေတယ်လို့ တွေးကြည့်ကြပါဗျာ။
ဒါဆို အသားတင်အားက သုညဖြစ်မယ်။ ma = 0 N ဖြစ်ပြီး အရှိန် a ကလည်း သုညပါ။ ဒီတော့
ပြင်ပ သက်ရောက်အားတွေ ကြေသွားလို့ မရှိဘူးလို့ ယူဆလို့ ရပါတယ်။ ရပ်နေသော
ဝတ္ထုသည် ဆက်လက်ရပ်တည်နေပြီး .... ။ သြော် ... အီနားရှား။
အားတွေက လားရာရှိတယ်ဆိုတော့ အားတွေရဲ့ တန်ပြန်သက်ရောက်ပုံကို
နယူတန်က တတိယဥပဒေသမှာ ဖော်ပြထားပါတယ်။ ဒီအားတွေကတော့ ပွတ်မှုအားလို
ကြေသွားမှာ မဟုတ်ပါဘူး။ တူညီတဲ့အရှိန် တူညီတဲ့အားနဲ့ လားရာပဲ ကွဲပြီး
ပြန်လာမှာပါ။ သက်ရောက်မှုတိုင်းတွင် တူညီသော တန်ပြန်သက်ရောက်မှုရှိသည်ဆိုတာပေါ့။
ဘောလုံးကို နံရံဆီ ပစ်ပေါက်တာ၊ ကော်သေနတ်ကို ကော်စံထည့်
မောင်းတင်ပစ်တာ၊ သေနတ်ပစ်ရင် ပစ်တဲ့သူပါ တန်ပြန်သက်ရောက်အားကို ခံစားရတာ၊
ရေပိုက်ခေါင်းကနေ ရေတွေ တဝေါဝေါလာလို့ ရေပိုက်ကြီးက မြွေကြီးလို
ထထောင်ပြီးပန်းကုန်တာ စတဲ့ နေစဉ်အတွေ့အကြုံတွေကအစ ဂျက်လေယာဉ်တွေ
ဒုံးပျံတွေအထိ တတိယဥပဒေသက ပေါ်လွင်ပါတယ်။ ဂျက်လေယာဉ်တွေဆိုလည်း သူတို့
သွားချင်တဲ့ လမ်းကြောင်းကို ရောက်အောင် ဓါတ်ငွေ့တွေကို ဆန့်ကျင်ဘက်ဆီ
ထုတ်လွှတ်ပြီး သွားရတာပဲ။
မေးစရာရှိတာက ခုလို သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု
ရှိတယ်ဆိုတော့ ကမ္ဘာကြီးက ကျွန်နော်တို့ကို ဆွဲငင်တဲ့အခါ ကျွန်နော်တို့ကရော
ကမ္ဘာကြီးကို ပြန်ဆွဲငင်သလားဆိုတာပါ။ တစ်နေ့မှာ ပန်းသီးတစ်လုံး နယူတန့်
ခေါင်းပေါ် ပြုတ်ကျလေသည်ဆိုတဲ့ ပုံပြင်တစ်ခု အစပြုလို့ ဖော်ပြတတ်ကြတဲ့
နယူတန်ရဲ့ ဒြပ်ဆွဲအားဥပဒေသကြီးကို ဆွေးနွေးကြရအောင်ပါ။
F = GmM/r² ဆိုတဲ့ ညီမျှခြင်းဟာ နယူတန်ရဲ့ ဒြပ်ဆွဲအားဥပဒေသပဲဖြစ်ပါတယ်။
အဲ့ဒီမှာပါတဲ့ G ဆိုတာ ဂရယ်ဗတီကိန်းသေဖြစ်ပါတယ်။ m နဲ့ M က ဒြပ်ထုတွေဖြစ်ပြီး r
ကတော့ သူတို့ကြား အကွာအဝေးပေါ့။ နယူတန်ရဲ့ အချိန်တုန်းက G ရဲ့ တန်ဖိုးကို
သူ့စာအုပ်ထဲမှာ ရေးမထားပါဘူး။ ဒါပေမဲ့ နောက်ပိုင်း အနီးစပ်အတိကျဆုံး
တန်ဖိုးတွေတော့ ထွက်ပေါ်လာခဲ့ပါတယ်။ ( G = 6.67428 ± 0.00067 × 10⁻¹¹ Nm²/kg² ) ဒါဆို ပန်းသီးကနေ ကမ္ဘာကို
ပြန်ဆွဲတဲ့ပမာဏကို ရှာကြည့်လို့ရပါတယ်။ အဲ့ဒါက အက်တမ်အမှုန်ထဲမှာ ပါတဲ့ ပရိုတွန်ထက်ကို
သေးငယ်နေတဲ့ ပမာဏဖြစ်တာကြောင့် မသိသာတော့ပါ။ အများအမြင်မှာတော့ ပန်းသီးကြီးက
ကမ္ဘာပေါ် ပြုတ်ကျလာတယ်ပဲ ဖြစ်ပါတော့တယ်။
ကမ္ဘာ့ဆွဲအားနဲ့ ပက်သက်လို့ တတိယဥပဒေသနဲ့ ပြောမယ်ဆို
ကမ္ဘာ့ဆွဲအားနဲ့ ပမာဏတူ အားတစ်ခုဟာ ကမ္ဘာ့ဆွဲအားရဲ့ လားရာ ပြောင်းပြန် (
အပေါ်ဖက် )ကို ဦးတည်ပြီး တစ်ခုရှိနေပါတယ်။ ဒါကို Normal Force
ထောင့်မှန်ကျအားလို့ ခေါ်ပါတယ်။
ထောင့်မှန်ကျအားလို့ ခေါ်ရတဲ့ အကြောင်းအရင်းကတော့ ဝတ္ထုပစ္စည်း
တစ်ခုပေါ်မှာ သက်ရောက်နေတဲ့ normal force ဆိုတာ အဲ့ဒီပစ္စည်း တင်ထားတဲ့
မျက်နှာပြင်က မ,တင် သက်ရောက်တာဖြစ်လို့ပါ။ ဆိုပါစို့ စာအုပ်လေးတစ်အုပ်ကို
စားပွဲပေါ် တင်ထားမယ်။ ဒီစာအုပ်လေးမှာ အလေးချိန် w ရှိမယ်။ ဒီစာအုပ်လေးကို
စားကွဲက မ,တင်ထားတဲ့ ထောင့်မှန်သက်ရောက်အား n ရှိမယ်။ n = w ဖြစ်တဲ့အခါ
စာအုပ်လေးက စားပွဲပေါ်မှာပဲ ရှိနေပါမယ်။ ဒါပေမဲ့ w က များနေရင်တော့
စားပွဲကျိုးကျသွားတယ်။ မ,တင်နိုင်ခြင်းမရှိတော့ဘူးလေ။
ကိုယ်အလေးချိန်တိုင်းစက် ( အရပ်အခေါ် ပေါင်ချိန်စက် )တွေကလည်း
ဒီလိုပါပဲ။ ကျွန်နော်တို့ရဲ့ အလေးချိန်ကို တိုင်းတာတယ်ဆိုတဲ့ နေရာမှာ ကမ္ဘာက
ကျွန်နော်တို့ကို ဆွဲတဲ့အားထက် ပေါင်ချိန်စက်က ကျွန်နော်တို့အတွက်
ပင့်တင်ပေးထားရတဲ့ အားကိုသာ ယူပါတယ်။ ဥပမာ ကိုယ်အလေးချိန်အတော်များတဲ့သူ
တက်လိုက်ရင် ပေါင်ချိန်စက်ကြီး ဂွမ်းခနဲကျိုးရော ဆိုတာမျိုး ... ။
ဒါဖြင့် ကျွန်နော်တို့ ဒီကိုယ်အလေးချိန် တိုင်းတဲ့စက်ကိုပဲ
ဓါတ်လှေကားထဲ ယူသွားကြတာပေါ့။ ဓါတ်လှေကားက ပထမငြိမ်နေမယ်။ နောက်တော့
ရပ်နေရာကနေ ထပ်ခနဲ အရှိန်မြင့်သွားပြီး အပေါ်တက်သွားမယ်ဗျာ။ အဲ့လိုဆိုရင်
ဒြပ်ဆွဲအားကို ဆန့်ကျင်ဘက် လားရာပြုနေတဲ့ အားတစ်ခုက ဓါတ်လှေကားထဲက လူအပေါ်
သွားသက်ရောက်ရော။ ဒီတော့ နယူတန်ရဲ့ ဒုတိယဥပဒေသ F = ma အရ နဂို ရှိတဲ့ F = mg
မဟုတ်တော့ဘူး။ 2 m per sec per sec နှုန်းနဲ့ ရုတ်တရတ် ထိုးတက်သွားတယ်ပဲထား။
အဲ့အခိုက်အတန့်လေးမှာ သူ့အပေါ် သက်ရောက်နေတဲ့ အားက F = m(g+2) ဖြစ်သွားရော။
အပေါ်ကို တက်တဲ့အခါ ရုတ်တရတ် အရှိန်ရတဲ့အခိုက်အတန့်လေးမှာ
ပေါင်ချိန်စက်က ဂဏန်းတွေ တက်သွားတယ်ဆိုရင် ရုတ်တရတ်အောက်ကို ဆင်းတဲ့အခါရော ?
ရှင်းပါတယ်။ လျော့ကျသွားမှာပေါ့။ ခုနကနှုန်းအတိုင်းဆို F = m(g-2)
ဖြစ်သွားမှာပေါ့။ ဒါဆိုရင် အတွေးစမ်းသပ်ချက်တစ်ခု ရဲရဲကြီး လုပ်ပလိုက်ရအောင်။
တကယ်လို့ ဓါတ်လှေကားက ချည်ထားတဲ့ ကြိုးကို ဖြတ်ချလိုက်ရင်ရော ?
ဓါတ်လှေကားမှာ ချည်ထားတဲ့ကြိုးကို ဖြတ်ချလိုက်ရင် အောက်ကို ကျတဲ့
accelaration က ကမ္ဘာက ဆွဲတဲ့ accelaration due to gravity g နဲ့ တူတူ
ဖြစ်သွားပါမယ်။ ဒီတော့ F = m(g-g) = m(0) သုညပေါ့။ သဘောကတော့ ကျွန်နော်တို့
ဒြပ်ဆွဲအားကင်းမဲ့မှုကို ခံစားရမှာပါတဲ့။ အဲ့ဒီလို ဖြစ်နေတဲ့အခြေအနေကို
လွတ်လပ်စွာ ကျဆင်းခြင်း freely falling လို့ ခေါ်ပါတယ်။ ဒီလိုအခြေအနေမှာ
အရာဝတ္ထုတိုင်းက အီနားရှားအညွှန်းဘောင် inertial reference frame ထဲမှာပဲ ရှိတယ်။
တစ်နည်း ပြောရမယ်ဆိုရင်တော့ ဒီအခြေအနေမှာ ရပ်နေသော ဝတ္ထုသည် ဆက်လက်ရပ်တည်နေပြီး
မူသေအလျင်ဖြင့် ရွေ့လျားနေသော ဝတ္ထုသည် ထိုအလျင်နဲ့ပင် ဆက်လက်
ရွေ့လျားနေမည်ပေါ့။
ဓါတ်လှေကားကို ကြိုးဖြတ်ချတာထက်ပိုပြီး စွန့်စားရမယ့်
အတွေးစမ်းသပ်ချက်တစ်ခု လုပ်ကြည့်ရအောင် ... ။ ဒါကတော့ ဓါတ်လှေကားအောက်မှာ
ဒုံးပျံတစ်ခုတပ်လိုက်မှာပါ။ သဘောကတော့ အောက်ဖက်ကနေ အရှိန်ပေးတဲ့အခါ အရှိန်ရဲ့
ဦးတည်ဘက်က အပေါ်ဖြစ်လို့ ဓါတ်လှေကားကြီးက မိုးပေါ် ထောင်တက်သွားပါမယ်။
အရှိန်က တော်တော် များတဲ့အခါ ဓါတ်လှေကားထဲကလူ ဘယ်လိုဖြစ်မယ်ထင်သလဲ။
ဓါတ်လှေကားကြမ်းပြင်မှာ ကပ်နေမှာပါ။
ဒီလို အရှိန်ပေးတဲ့နည်းနဲ့ အာကာသထဲမှာ အာကာသယာဉ်မှူးတွေအတွက်
ဂရယ်ဗတီအတု ဖန်တီးပေးပါတယ်။ ဒါပေမဲ့ ဒီလို အတိအကျတော့ မဟုတ်ပါဘူး။
ကျွန်နော်တို့ အာကာသယာဉ်ဟာ ဒုံးပျံတစ်စင်းနဲ့ လျှောက်ပတ်နေလို့ မဖြစ်ပါဘူး။
သတ်မှတ်ထားတဲ့နေရာမှာ စောင့်ကြည့်ရတာမျိုးတွေလည်း ရှိနိုင်မှာပေါ့။ ဒီအတွက်
ဂရယ်ဗတီအတု ဖန်တီးလိုတဲ့ယာဉ်ဟာ စက်ဝိုင်းပုံစံအတိုင်း ယာဉ်ရဲ့ အလယ်နေရာကို
ဗဟိုပြုပြီး အရှိန်ပေးရပါတယ်။ ဒါကြောင့်ပဲ စီမံကိန်းနဲ့ အာကာသစခန်းတွေဟာ
အဝိုင်းပုံတွေပါ။ ဘာနဲ့စတိုင် တူသလဲဆို ခဲတလုံးကို ကြိုးချည်ပြီးရမ်းနေသလိုပါပဲ။
ဒီခဲမှာ ဘေးပတ်နေတဲ့အားရှိသလို ဒီခဲကို ဆွဲထားတဲ့ ကြိုးက တင်းအားလည်း
ရှိနေပြန်တယ်။ အဲ့ဒီခဲပေါ်မှာ ခင်ဗျားတို့ ပါတယ်လို့ စိတ်ကူးယဉ်ကြည့်ပါလား။
ခင်ဗျားတို့ ခဲပေါ်မှာ ကပ်နေမှာပဲ။
တကယ်တော့နေအဖွဲ့အစည်းမှာ ဂြိုဟ်တွေ ရွေ့လျားတယ်ဆိုတာလည်း
ဒီအတိုင်းပါပဲ။ လဟာကမ္ဘာကို လှည့်ပတ်တယ်။ ဒီအတိုင်းပဲ။ ကမ္ဘာက လကို ဆွဲတဲ့အားကို
ဗဟိုချဉ်းအား centripetal force လို့ခေါ်တယ်။ အာကာသစခန်းတွေက
ဂရယ်ဗတီအတုတွေကလည်း ဗဟိုချဉ်းအားတွေပဲ။ ဒီနေရာမှာ မေးစရာတစ်ခုရှိလိမ့်မယ်။
နယူတန်ရဲ့ တတိယဥပဒေသအရဆို ဆန့်ကျင်အားတစ်ခု ရှိရဦးမှာလား။ ရှိပါတယ်။ centrifugal
force ဗဟိုခွာအားလို့ ခေါ်တယ်။ ခဲကို ကြိုးချည်ဝှေ့တဲ့ ဖြစ်စဉ်မှာ ထင်ရှားတယ်။
ဂရယ်ဗတီအတုလို ကိစ္စမှာတော့ မထင်ရှားဘူး။ သဘောတရားအရသာ ထင်ရှားတယ်။ ဒါကြောင့်
ဒီလိုဖြစ်စဉ်မှာ ဒီလိုအားတွေကို fictitous forces စိတ်ကူးယဉ်အားတွေလို့
ခေါ်တယ်။
သူရအောင်







Post a Comment