နိဒါန်း
မြန်မာပြည်အတွေးအခေါ်နဲ့ဗုဒ္ဓစာပေဟေ့..ပြောရင်မပါမဖြစ်ရှေ့ဆုံးကနေစဉ်းစားရမှာကဒဿနပါမောက္ခနဲ့စာရေးဆရာ၊ဆရာနန္ဒာသိန်းဇံပါ၊ဆရာဟာသူ့ဘဝတစ်သက်တာလုံးတပည့်တွေအပေါ်သူယုံကြည်ရာဒဿနစာပေသင်ပြပို့ချခြင်းရယ်၊မြန်မာ့ဒဿနစာချစ်သူတွေအတွက်ဗုဒ္ဓအတွေးအခေါ်နဲ့ဒဿနဆိုင်ရာစာပေတွေရေးသားဖြန့်ဝေခြင်းနဲ့သာအသက်မွေးခဲ့ပါတယ်၊အခုလည်းဆရာကွယ်လွန်ခြင်းနှစ်ပတ်လည်မှာကိုယ်တွေရင်ထဲသိမ်းထားသမျှဆရာ့ပုံရ်ပ်တစ်ချို့ကိုကျနော့်ပုဂ္ဂလအမြင်ကနေသတ္တုချမျှဝေသွားဖို့သာဖြစ်ပါတယ်၊
(၁) ဗဟုဇနဟိတဆရာသမား
ဆရာနန္ဒာသိန်းဇံပြုစုခဲ့တာစာအုပ်ပေါင်းကြီးငယ်၂၂အုပ်ထိရှိပါတယ်၊တကယ်ကိုတစ်ခုတ်တစ်ရဒဿနပြု(philosophize)လုပ်ပြီးရေးသားထားခဲ့တဲ့"ဘဝအဓိပ္ပါယ်နှင့်ဘဝသစ္စာ"တို့၊"ကိုယ်ကျင့်တည်ကြည်ခြင်းနဲ့အဆင်မြင့်ခရီးစဉ်"တို့လိုတွေအပြင်တွေးချိန်ချင့်စရာတို့၊အနေခက်အောင်ကူညီသူများတို့လိုသူရေးသားအောင်မြင်ခဲ့တဲ့ဆောင်းပါးစုတွေလည်းမနည်းပါဘူး၊
ပြောရရင်ဆရာဟာစာသင်တဲ့နေရာရော၊စာရေးတဲ့နေရာ၊ဟောပြောပွဲနဲ့နောက်ဆုံးဒဿနဗေဒအဆင့်မြင့်ကျမ်းဂန်တွေကိုတည်းဖြတ်တာဝန်ယူရတဲ့နေရာမှာပါစေတနာနဲ့ပညာကိုအကောင်းဆုံးတွဲဖက်အသုံးပြုခဲ့တယ်ဆိုတာလည်းအထူးပြောစရာမလိုဘူးပဲ၊သောတုဇနပညာသင်တွေ(ရဟန်းသံဃာဖြစ်စေ၊လူဖြစ်စေ)ရဲ့စောဒနာနဲ့ပြဿနာရှုထောင့်များစွာအပေါ်ပကာသနမပါသောအပြုံးနဲ့အကောင်းဆုံးနားထောင်ပြီး၊အချိုသာဆုံးစကားနဲ့အနီးစပ်ဆုံးအဖြေရအောင်ကူညီဆောင်မတတ်တာလည်းဆရာနန္ဒာသိန်းဇံပဲဖြစ်ပါတယ်၊ကိုယ့်ကိုယ်ကိုယ်အရင်ပညာကိုကြေညပ်အောင်ဆည်းပူးခဲ့တယ်၊သိလာတဲ့အမြင်ကိုဆရာစားမချန်စေတနာမှန်နဲ့ဖြန့်ဝေပေးတယ်၊တကယ့်ကိုလောကထ္ထစရိယနဲ့ညီသောဗဟုဇနဟိတဆရာစစ်စစ်တွေထဲကပြပါဆိုရင်ကျနော်ညွှန်းမယ့်အထဲဆရာလည်းတစ်ယောက်အပါအဝင်ဖြစ်ပါမယ်၊
(၂) ပုဂံနဲ့ဆရာနန္ဒာသိန်းဇံ 💥
ဒီနှစ်ထဲမြန်မာ့ရှေးအမွေအနှစ်မြို့ပုဂံယူနက်စကိုဝင်ပြီကြားရတာနဲ့အဦးဆုံးသတိရမိတာဆရာနန္ဒာသိန်းဇံပါပဲ၊ဆရာကပုဂံကိုနှလုံးသားနဲ့ယှဉ်ပြီးချစ်သလိုဦးနှောက်နဲ့ယှဉ်ပြီးအမြဲစဉ်းစားတွေးခေါ်နေတတ်ပြန်ပါတယ်၊သူ့လက်ချာတွေထဲမှာပုဂံရဲ့ရှေးဟောင်းအနုပညာလက်ရာတွေအကြောင်းမကြာခဏရသ(aesthetics)ရှုရပ်ကနေထည့်သွင်းဆွေးနွေးတတ်သလိုပုဂံပြည်သူတွေနဲ့ခွဲမရတဲ့ထေရဝါဒဗုဒ္ဓဒဿနအကြောင်းအရာတွေလည်းပါနေပြန်တယ်၊ဆရာပြုစုတဲ့အရိမဒ္ဒနမှအတွေးအခေါ်တို့ဝေ့ပျံ့နေဆဲ...စာအုပ်မှာထေရဗုဒ္ဓစာပေ၊ပုဂံရဲ့အဖိုးမဖြတ်နိုင်သောသာသနိကအဆောက်အဦတွေနဲ့ရှေးမြန်မာ့ဘီဘင်တွေရဲ့လောကအမြင်တွေကိုဟန်ချက်ညီညီရေးဖွဲ့ပြုစုခဲ့ပါတယ်၊
ပုဂံဟာရှေးမြန်မာတွေရဲ့အသိဉာဏ်ရည်မြင့်မားမူ့နဲ့သွေးစည်းညီညွတ်မူ့ကိုပြဆိုနေတယ်တဲ့..
ဆရာပြောဖူးတာလေးသတိရပါတယ်၊ရှေးပုဂံသားပြည်သူတွေဟာအနုပညာဖန်တီးမူ့အပိုင်းရော၊ဘဝဒဿနတည်ဆောက်မူ့အပိုင်းမှာပါအသိပညာက်ုယ်ခံအားကောင်းခဲ့ကြရှာတယ်လို့လည်းသူမကြာမကြာမှတ်ချက်ပေးခဲ့ဖူးပါတယ်၊အခုဆိုဆရာချစ်သောပုဂံလည်းယူနက်စကိုဝင်ခဲ့ပြီ၊ပုဂံကိုအရင်ကထက်ပိုကမ္ဘာကသိခဲ့ပါပြီ၊ဒါဟာဆရာပြောခဲ့သလိုရှေးပုဂံသားမြန်မာ့ဘိုးဘေးတွေရဲ့ဉာဏနဲ့ကာယဝီရိယစိုက်ထုတ်ခဲ့ကြရမူ့အပေါ်သွယ်ဝိုက်ဂုဏ်ပြုတာတစ်မျိုးလို့ကျနော်မြင်ပါတယ်၊ဆရာကိုယ်တိုင်ဘည်းပုဂံနဲ့ပတ်သက်တဲ့ယဉ်ကျေးမူ့နဲ့အတွေးအခေါ်အချက်အလက်တွေကိုသီးသန့်အချိန်ပေးလေ့လာပြီးသုတေသနစာတမ်းတစ်စောင်ပါပြုစုခဲ့သေးတယ်လို့သိခဲ့ရပါတယ်၊*
(၃) ဓမ္မာစကြာနဲ့ဆရာနန္ဒာသိန်းဇံ
ဗုဒ္ဓစာပေတွေထဲဆရာအကြိုက်ဆုံးနဲ့ရင်ထဲအရောက်ဆုံးကဓမ္မစကြာလို့သူအမြဲတမ်းပြောတတ်ပါတယ်(သူ့တပည့်ဖြစ်သူကျနော်လည်းထိုနည်းနှင်နှင်ပါပဲ)၊အားလုံးသိကြတဲ့အတိုင်းဓမ္မစကြာဆိုတာမြတ်ဗုဒ္ဓရဲ့လောကအမြင်နဲ့လမ်းစဉ်(မဂ္ဂင်၈ပါး)ကိုခြုံငုံထားတဲ့သုတ္တန်တစ်ရပ်သာဖြစ်ပါတယ်၊ဆရာ့ရဲ့ပထမဆုံးနဲ့အအောင်မြင်ဆုံးစာအုပ်ဘဝအဓိပ္ပါယ်နှင့်ဘဝသစ္စာဆိုတာလည်းဓမ္မစကြာအခြေခံတဲ့ဘဝနေနည်းတစ်ခုပါပဲ၊လူ့ဘဝမှာဘယ်လ်ုရှုထောင့်ကနေတွေးတွေး၊ဘယ်အယူဒဿနကိုကိုင်စွဲကိုင်စွဲ၊အစွန်းတရားတွေရှောင်ဖို့ဆရာ့တိုက်တွန်းချက်တွေကလည်းဓမ္မစကြာလာအဆုံးအမတစ်ရပ်ဖြစ်တဲ့မဇ္ဈိမပဋ်ပဒါကနေမွေးဖွားလာခြင်းသာဖြစ်ပါလိမ့်မယ်၊
(၄) ရပ်ဆယ်ရယ်ဖရိုက်ရယ်ဆရာရယ်
ဗုဒ္ဓရဲ့ဓမ္မစကြာပြီးရင်ဆရာ့အပေါ်လွှမ်းမိုးထားတဲ့အနောက်တိုင်းဒဿနဆရာကဘာထရန်ရပ်ဆယ်လို့ကျနော်ပုဂ္ဂလယူဆပါတယ်၊ဆရာဟာပါရဂူတန်းစာသင်ချိန်တွေထဲရပ်ဆယ်ရဲ့အတွေးအခေါ်အဆင့်တစ်ခုချင်းစီပြောင်းလဲလာခဲ့မူ့စာသုံးအုပ်*အကြောင်းမကြာခဏပြောလည်းပြောကိုယ်တိုင်လည်းဖတ်ခိုင်း၊နားမလည်တာတွေသူ့နဲ့ဆွေးနွေးစေခဲ့ပါတယ်၊ဆရာကိုယ်တိုင်ကျမ်းပြုခဲ့တဲ့
The Nature of Pure Fact in Satipatthana Vipassanaကျမ်းနဲ့ဘာထရန် ရပ်ဆယ်ရဲ့သိမှု့ကြားခံ(sense data)အယူအဆ အပေါ်ယှဉ်ထိုးလေ့လာပြီးတပည့်တွေကိုပြန်မျှဝေပေးခဲ့ဖူးတာလည်းမှတ်မိနေပါသေးတယ်၊အနောက်တိုင်းစိတ်ခွဲဆရာဆစ်ဂမန်ဖရိုက်ရဲ့မသိစိတ်(unconsciousness)ဖီလော်ဆော်ဖီလည်းထိုနည်းနှင်နှင်ပါပဲ၊မသိစိတ်အတွေးအမြင်နဲ့ယှဉ်တဲ့ကာမတဏှာ၊မိမိကိုယ်က်ုယ်လှည့်စားစိတ်ထားဖော်မူ့(rationalisation)ရှေးဂရိဒဏ္ဍရီလာအဖေမုန်းတီးစိတ်အခံအိုဒီပတ်အစွဲ(Oedipus
complex)
တို့ဆိုတာတွေဟာဆရာပေးနေကြလက်ချာကောင်းတွေပဲဖြစ်ပါတယ်၊
(၅) ဗြဟ္မစိုရ်နှလုံးသားနဲ့စာရေးဆရာပါမောက္ခ
"စိတ်ကောင်းရှိဖို့ကပထမ"တဲ့၊ပလေတိုကသူ့အကယ်ဒမီမှာသချာၤမတတ်ရင်မလာရကြေငြာသလို
မဟာဂန္ဓာရုံဆရာတော်သျှင်ဇနကာဘိဝံသကလည်းသူ့ကျောင်းတိုက်မှာဒါကိုကြေငြာထားခဲ့ပါတယ်၊စိတ်ထားမကောင်းဘဲရဟန်းဝတ်တာဘာမှမထူးဘူးမို့စိတ်ကောင်းမွေးနိုင်မှသာသနာ့ဘောင်ဝင်ပါဆိုပြီးလည်းဆရာတော်ကသူ့ရဲ့နာမည်ကြီးစာအုပ်အခြေပြုပဌာန်းထဲထည့်ဟောကြားတိုက်တွန်းခဲ့ပါတယ်***၊ရဟန်းအလုပ်နည်းတူဆရာအလုပ်လည်းဘာထူးသလဲကျနော်တွေးမိတယ်၊စိတ်စေတနာကောင်းမွေးနိုင်မှဆရာလုပ်ရတာအဓိပ္ပါယ်ရှိပါမယ်၊ပညာတစ်ခုထဲအရင်းတည်ပြီးစေတနာမပါဘဲဆရာလုပ်ဖို့ကခက်ပါမယ်၊ဆရာနန္ဒာသိန်းဇံကတော့ပညာဝမ်းစာအပြင်စိတ်စေတနာထားတတ်မူ့အပိုင်းမှာလည်းပြောစရာမလိုဘူးလို့ကျနော်မြင်တယ်၊ဆရာ့မှာသူ့အကျိုးလိုလားမူ့နဲ့ယှဉ်သောမေတ္တာ..၊သနားကြင်နာတတ်သောဂရုဏာ..၊သူတစ်ပါးအပေါ်ကိုယ့်ထက်သာမနာလိုမူ့မှဝေးသောမုဒိတာ..၊ဆူကြုံအလတ်၊မျက်နှာကြီးငယ်မခွဲ၊ဆရာမွေးတပည့်ရှာဝါသနာမပါဘဲအကူအညီလိုအပ်သူအားလုံးအပေါ်တပြေးတညီသာဆက်ဆံတတ်သောဥပက္ခာ..စတဲ့ဗြဟ္မစိုရ်လးပါးနဲ့ပြောမပြတတ်အောင်လျော်ညီခဲ့တဲ့တကယ့်အာဂဆရာတစ်ဦးလို့ကျနော်ရိုးသားစွာမြင်တယ်၊တက္ကသိုလ်ပါမောက္ခ၊နိုင်ငံတော်အသိအမှတ်ပြုမဟာသဒ္ဓမဇောတိကဓဇဘွဲ့ရ၊နာမည်ကြီးစာရေးဆရာဆိုပေမယ့်သူ့ဘဝနေနည်းဒဿနမှာဘာအတိမာနနဲ့မောက်မာမူ့၊ပညာပြမူ့မှမပါဘဲရိုးစင်းလွန်းတယ်ဆိုတာလည်းဆရာ့အနားနေဖူးသူ၊ဆရာနဲ့ခင်ဖူး၊ဆက်ဆံဖူးသူတိုင်းကသိပါလိမ့်မယ်၊
နိဂုံး
ချုပ်ပြောရရင်တော့ဆရာနန္ဒာသိန်းဇံဟာသူသက်ရှိထင်ရှားရှိနေတုန်းအခိုက်မှာလည်းသူ့ပတ်ဝန်းကျင်၊သူ့တပည့်တွေနဲ့သူခင်တွယ်တဲ့စာပေအသိုင်းအဝိုင်းအတွက်အထ္ထိပစ္စယနဲ့အကျိုးပြုခဲ့တယ်၊အခုသူကွယ်လွန်ပြီး၈နှစ်တာကြာခဲ့သည့်တိုင်လည်းသူပြောခဲ့တဲ့ဒဿနစကား၊တရားအဓိပ္ပါယ်နဲ့စာပေတွေကနေတဆင့်နထ္ထိပစ္စယသတ္တိနဲ့ပါတဆက်တစပ်ထဲအကျိုးပြုနေဆဲ၊
ဘာပဲဖြစ်ဖြစ်သေချာတာကတော့စိတ်ဓတ်ရောပညာပါအတုယူစရာများစွာချန်ထားခဲ့တဲ့ကျနော်တို့ရဲ့ဆရာဆိုတာလေးသူကွယ်လွန်ခြင်းရှစ်နှစ်ပြည့်ဖ်ု့တစ်ရက်အလိုမှာနှမြောတသတွေးမိတယ်၊ရေးမိပါတယ်။
ဒေါက်တာညီကျော်
ကထိက၊ ဒဿနိကဗေဒဌာန
ရန်ကုန်တက္ကသိုလ်
ကထိက၊ ဒဿနိကဗေဒဌာန
ရန်ကုန်တက္ကသိုလ်
ဆရာနန္ဒာသိန်းဇံကွယ်လွန်ခြင်း၈နှစ်ပြည့်ဂါရဝပြုစာစု
* A Study of Lotus Symbol in Myanmar
Art & Architecture from the Perspective of Religious Symbolism
....
**The Problems of Philosophy (1912)
Our Knowledge of the External World
(1914)
The Analysis of Mind (1921)
*** အခြေပြုပဌာန်း၊နှာ-၂၁၁


Post a Comment