၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်နေ့၊ အိုင်းစတိုင်းကိုဂျာမနီနိုင်ငံ၊ ဝါတင်ဘတ်ပြည်နယ် အမ်းမြို့မှာ မွေးခဲ့ပါတယ်။ သူ့မိဘတွေဖြစ်တဲ့ ဟာမန်း အိုင်းစတိုင်းနဲ့ ပေါလ်လင်းကို့ချ်တို့က ရေဝတီ (ဂျူးလူမျိုး)တွေပါ။ အစက မွေ့ယာလုပ်ငန်း လုပ်ကိုင်ခဲ့ကြပြီး နောက်တော့ အိုင်းစတိုင်းရဲ့ ဦးလေးနဲ့ ဖခင်တို့ ပေါင်းပြီး လျှပ်စစ်ပစ္စည်း အရောင်းအဝယ် လုပ်ကိုင်ကြပါတယ်။ အိုင်းစတိုင်း ဖခင်ဟာ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက် မဖြစ်သော်လည်း အိုင်းစတိုင်းရဲ့ ငယ်ဘဝက ပြည့်စုံပါတယ်။ အိမ်ကြီး အိမ်ကောင်းနဲ့ တကယ့်ကို လေးစားစရာပါ။
အိုင်းစတိုင်းအသက်
၁ နှစ်မှာ လျှပ်စစ်လုပ်ငန်းကို ပြောင်းလုပ်ဖို့ အမ်းကနေ မြူးနစ်ကို ရွှေ့လာရပါတယ်။
အရင်းအနှီးအတွက် ငွေကြေးကြပ်တည်း ခဲ့ကြပါသေးတယ်။ မြူးနစ်ကို ပြောင်းပြီး မကြာ ၁၈၈၁
မှာ ဟမန်းတို့က သမီးငယ် မာရီယာကို မွေးပါတယ်။ မာရီယာခေါ် မာဂျာဟာ အိုင်းစတိုင်းရဲ့
ညီမဖြစ်သလို အကောင်းဆုံး အဖော်ဖြစ်ခဲ့ပါတယ်။
၂ နှစ်ထိ စကားမပြောတဲ့
အိုင်းစတိုင်းက ၃ နှစ်ကျော်ထိ စကားကို လေလုံးကွဲအောင် မပြောတတ်ပါ။ သို့သော် ပဟေဠိအရုပ်ကလေးတွေမှာတော့
စိတ်ဝင်စားတတ်ပါတယ်။ တစ်ခါတစ်လေ သူ့ညီမကို ကောက်ပေါက်တတ်ပါသတဲ့။ ဒါကို မာဂျာက သိပ္ပံပညာရှင်
တစ်ယောက်ရဲ့ ညီမဖြစ်ဖို့ ခေါင်းခွံမာရမယ်လို့ အရွှန်းဖောက်တတ်ပါတယ်။
အိုင်းစတိုင်းကို
ကျောင်းထားတော့ သူ့အဖေက ဂျူးပေမဲ့ ဂျူးကျောင်းမှာမထား။ ကတ်သိုလစ်ကျောင်းမှာ ထားပါတယ်။
ဟာမန်းအိုင်းစတိုင်းက ဘာသာရေး ကိုင်းရှိုင်းတဲ့ လူတစ်ယောက်တော့ မဟုတ်ပါ။ ဝယ်လ်တာ အိုက်ဆက်ဆန်ရေးတဲ့
စာအုပ်မှာဆို ဘာသာမဲ့လို့ကို ဖော်ပြပါတယ်။ ဒါကြောင့် ဂျူးကျောင်းမှာမထား။ အိုင်းစတိုင်းကို
နီးရာကျောင်းပို့တာပါ။
သို့သော် ဆိုးတာတစ်ခုက
အိုင်းစတိုင်းဟာ ဂျူးဖြစ်တာမို့ဆိုပြီး ထိုကျောင်းတွေမှာ အနှိမ်ခံရပါတယ်။ ဒါက အိုင်းစတိုင်းကို
လူတွေနဲ့ အဆက်အဆံ နည်းစေတဲ့ အစိုင်အခဲဖြစ်စေတာ ဖြစ်နိုင်ပါတယ်။ လူတွေနဲ့ အဆက်အဆံ နည်းတယ်သာ
ပြောတယ်။ အိုင်းစတိုင်း ပနံသင့်တဲ့ လူတစ်ယောက်ရှိပါတယ်။ တာမတ်ဆိုတဲ့ ဆေးကျောင်းသားပါ။
သူက အိုင်းစတိုင်းတို့ မိသားစု ဆရာဝန်ရဲ့ညီပါ။ တာလ်မတ်က အိုင်းစတိုင်းဖို့ စာအုပ်တွေ
ယူလာပေးတယ်။ ဖလော်ဆိုဖီကို အဲ့မှာ အိုင်းစတိုင်း စတွေ့တာပဲ။ ကန့်၊ ဟူးမ် အကုန်ဖတ်တယ်။
အိုင်းစတိုင်းဖို့က ကတ်သိုလစ်ကျောင်းမှာ သင်ခဲ့ရတဲ့ သမ္မာကျမ်းစာကို အဲ့မှာ စပြီး သံသယဖြစ်တာပဲ။
တာလ်မတ်က အိုင်းစတိုင်ကို သင်္ချာနဲ့ ပက်သက်ပြီးလည်း သိပ်ချီးကျူးတယ်။ အိုင်းစတိုင်းက
သင်္ချာကို ငယ်ငယ်လေးနဲ့ ပါရဂူမြောက်နီးပါး တတ်တယ်။
ကျွန်တော်တို့
ကြားဖူးနေကျ အိုင်းစတိုင်း သင်္ချာကျတယ်ဆိုတာ မဟုတ်ဘူး။ ဦးလေးဖြစ်တဲ့ ဂျက်ကော့ဖ်အိုင်းစတိုင်းရဲ့
အကူအညီနဲ့ သင်္ချာကို အထူးတလည် စိတ်ဝင်စားပြီး လေ့လာဖြစ်ခဲ့ပါတယ်။ ဆရာတွေထက်တောင် ထူးချွန်နေလေရဲ့။
ဖလော်ဆော်ဖီတွေဖတ် သင်္ချာတွေ တတ်လွန်းတဲ့ အိုင်းစတိုင်းဟာ မြူးနစ်မြို့က ဆရာတွေရဲ့
စာသင်နည်းတွေကို မကြိုက်ပါ။ ဆရာတွေထက် တော်နေလို့ ဒီဆရာတွေနဲ့လည်း အဆင်မပြေ။
အိုင်းစတိုင်းရဲ့
မိဘတွေဖြစ်တဲ့ ဟာမန်းတို့ဟာ ထိုစဉ်က မြူးနစ်တစ်မြို့လုံး မီးရအောင် လုပ်မယ်ဆိုပြီး
ကြိုးစားခဲ့တာ ပြိုင်ဖက်တွေကို မယှဉ်နိုင်တဲ့အဆုံး ကြွေးနစ်ပြီး အိမ်ရောင်းလိုက်ရပါတယ်။
နောက်တော့ မိဘတွေက အိုင်းစတိုင်းကို ကျောင်းဆက်တက်ဖို့ မြူးနစ်မှာ ထားခဲ့ပြီး အီတလီကို
စီးပွားရှာ ထွက်သွားကြပါတယ်။ ဒီလိုမိသားစုကိစ္စလည်း အိုင်းစတိုင်း အဆင်မပြေ။
အဆင်မပြေမှုတွေ
ပြုံနေတဲ့ ဆယ်ကျော်သက် အိုင်းစတိုင်းဟာ ကျောင်းမှာလည်း လုံးဝ ပျော်စရမရှိပါ။ ပထမကမ္ဘာစစ်နားနီး
ဂျာမန်လူမျိုးကြီးဝါဒ ခေါင်းထောင်ချိန်မို့ ဂျူးဖြစ်တဲ့သူဟာ အနှိမ်ခံရပါတယ်။ ဒါ့အပြင်
ဆရာတွေ အမြင်မှာတော့ သူဟာ အတွေးလွန်နေတဲ့ ဆယ်ကျော်သက်တစ်ယောက်။ သူ့ဖာသာတော့ အတွေး စမ်းသပ်ချက်တွေကို
တစ်ခုပြီး တစ်ခုလုပ်နေတဲ့ ကျောင်းသားတစ်ယောက်ပါ။ ဒီလို ပဋိပက္ခတွေအပြင် စည်းကမ်းတင်းကြပ်တဲ့
ကျောင်းရဲ့ အုပ်ချုပ်မှုပုံစံကြောင့် စိတ်ပျက်လာတဲ့ ၁၅ နှစ်သား အိုင်းစတိုင်း အီတလီနိုင်ငံ
မီလန်မှာရှိတဲ့ မိဘတွေဆီပဲ ထွက်လာခဲ့ပါတယ်။ ဂျာမနီနိုင်ငံသား အဖြစ်က စွန့်နိုင်ဖို့
ကူညီရန်ပါ သူ့အဖေဆီ ခွင့်တောင်းခဲ့ပါတယ်။
အိုင်းစတိုင်း
ငယ်စဉ်က သင်္ချာပညာကို ချစ်တတ်အောင် ဦးလေးဖြစ်သူ ဂျက်ကော့ဖ်က မိတ်ဆက်ပေးခဲ့တယ်။ ဒီလိုပဲ။
ဆွစ်ဇလန် ဇူးရစ်မှာရှိတဲ့ သိပ္ပံကောလိပ်မှာ ပညာဆက်သင်ချင်ပေမဲ့ အသက်မပြည့်သေးတဲ့ အိုင်းစတိုင်းကို
ပညာသင်ခွင့်ရအောင် ဆီဇာကို့ချ်ဆိုတဲ့ ဘယ်လ်ဂျီယံက သူ့ဦးလေးက ထောက်ခံစာ ရေးပေးပါတယ်။
ဒါ့အပြင် ငွေပါ ထောက်ပေးလိုက်သတဲ့။ အဲလ်ဘတ်အဖေ လျှပ်စစ်လုပ်ငန်းမှာ ရေအားလျှပ်စစ်ဘက်
ဆက်ထိုးဖောက်ချင်လို့ ငွေအရင်းလိုတုန်းကလည်း အမျိုးတွေကပဲ စောင်မခဲ့ကြသတဲ့။ အိုင်းစတိုင်းဟာ
ဆွေကောင်း မျိုးကောင်းတွေနဲ့ တွေ့ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ကံမကောင်းစွာပဲ
ဇူးရစ်ကောလိပ်ဝင်ခွင့်မှာ အိုင်းစတိုင်း စာပေ၊ရုက္ခဗေဒ၊သတ္တဗေဒနဲ့ နိုင်ငံရေးပညာတွေ
ကျပါတယ်။ ဒါပေမဲ့ သင်္ချာနဲ့ ရူပဗေဒမှာ ထူးချွန်လို့ ကောလိပ် ဒါရိုက်တာက ရူပဗေဒအတန်းယူခွင့်
ပြုထားတယ်။ ထို့အတူ အေရိုးဆိုတဲ့ ရွာကျောင်းလေးမှာ တစ်နှစ်တိတိ အချိန်ယူပြီး ကျတဲ့
ဘာသာတွေကို ပြန်လေ့လာစေခဲ့ပါတယ်။ အေရိုးမှာ အိုင်းစတိုင်း ရောက်သွားပြီးတော့ သူ့ရဲ့
ပထမဆုံးအချစ် မာရီနဲ့ ဆုံတာပါပဲ။
မာရီ့အဖေ ဂျိုးစင်တီလာက
ဂရိစာပေနဲ့ သမိုင်းဆရာပါ။ သူတို့ မိသားစုနဲ့ အိုင်းစတိုင်းဟာ အတော်ရင်းနှီးမှူ ရှိပါတယ်။
တစ်ဦးချင်းလွတ်လပ်မှုဝါဒကို ကြိုက်ပြီး ဂျာမန်စစ်ဝါဒကို မုန်းတဲ့ အိုင်းစတိုင်းနဲ့
သဘောချင်းတူ ဒီမိသားစုဟာ အိုင်းစတိုင်းကို အကျိုးပေးပါတယ်။ သူတို့ မိသားစုက သမီးကြီး
မာရီက အိုင်းစတိုင်းနဲ့ ရည်းစားတွေဖြစ်ပြီး သားငယ်ပေါလ်က အိုင်းစတိုင်းညီမ မာဂျာနဲ့
လက်ထပ်ဖြစ်သွားပါတယ်။ သမီးလတ် အယ်နာကလည်း အိုင်းစတိုင်းရဲ့ အချစ်ဆုံး သူငယ်ချင်း ဘီဆိုနဲ့
လက်ထပ်ဖြစ်သွားခဲ့တယ်။
အိုင်းစတိုင်းထက်
အသက် ၂ နှစ်ကြီးတဲ့ မာရီ့ကို အိုင်းစတိုင်းရဲ့ အမေက အတော်သဘောကျတယ်။ ဒါပေမဲ့ ဇူးရစ်ကောလိပ်ကို
ရောက်ပြီးတဲ့ နောက်မှာတော့ အိုင်းစတိုင်းက သင်္ချာနဲ့ ရူပဗေဒကို ပိုစိတ်ဝင်စားလာတယ်။
မာရီ့ကို အရင်လို အချိန်ပေး မဆက်ဆံချင်တော့ဘူး။ ဖြတ်ချင်လာတယ်။ နောက်တော့ အဆက်ဖြတ်ပစ်ခဲ့တယ်။
နောက်တော့ အိုင်းစတိုင်းက သူ့ရဲ့ ပထမအိမ်ထောင် ဖြစ်လာမယ့် သူ့ထက် အသက် ၃ နှစ်ကြီးတဲ့
ဆားဘီးယားသူ မီလီဗာမားရစ်နဲ့ တွေ့ခဲ့ပါတယ်။ တကယ်တော့ သင်္ချာနဲ့ ရူပဗေဒမှာ တအား စိတ်နှစ်နေတဲ့
အိုင်းစတိုင်းက မီလီဗာ့ကို ချစ်တာထက် မီလီဗာ့ ပညာကို မြတ်နိုးတာလို့ ပြောရင်ပိုမှန်လိမ့်မယ်။
မီလီဗာ့ရဲ့ စူးရှတဲ့ ရူပဗေဒအမြင်တွေကို သူက သဘောကျတယ်။ မာရီ့ကို နှစ်ခြိုက်နေတဲ့ အိုင်းစတိုင်းအမေက
ဒါကြောင့် နောက်ပိုင်းမှာ မီလီဗာ့ကို ကောင်းကောင်း မဆက်ဆံတာလည်း ဖြစ်နိုင်ပါတယ်။
အိုင်းစတိုင်းဟာ
ဇူးရစ်ပိုလီကျောင်းကို ရောက်တဲ့အခါ သင်္ချာနဲ့ ရူပဗေဒကို တအား အားထည့်လုပ်ရတယ်။ အိုင်းစတိုင်းက
သင်္ချာတော်သော်လည်း သင်္ချာကို ထိုစဉ်က သိပ်အသုံးမဝင်လို့ မြင်ခဲ့ပါတယ်။ နောက်များ
ယေဘုယျရလေတစ်ဗတီကို သက်သေပြရတော့မယ်ဆိုမှ ဂျော်မေတျီရဲ့ အရေးပါပုံကို ကောင်းကောင်း
ဝန်ခံပါတယ်။
အိုင်းစတိုင်းဖို့
ဇူးရစ်မှာ အဆင်မပြေတဲ့အတန်း ၃ တန်းရှိပါတယ်။ ပထမတစ်တန်းက ပရော်ဖက်ဆာဝီဘာရဲ့ အတန်း။
ဝီဘာက အပူပညာနဲ့ နာမည်ကြီးတဲ့ ဆရာပါ။ သူကပဲ အိုင်းစတိုင်းကို ဇူးရစ်မှာ အတန်းယူနိုင်တယ်လို့
ပြောခဲ့တဲ့ ဒါရိုက်တာပါ။ အိုင်းစတိုင်းအမြင်မှာ သူသင်တာဟာ ရူပဗေဒသမိုင်းကို သင်နေသလိုပဲတဲ့။
ခေတ်မမီဘူးလို့ ယူဆပါတယ်။ နောက်တစ်ယောက်ကတော့ ပရော်ဖက်ဆာပါးနက်။ လက်တွေ့ရူပဗေဒဆရာ။
လက်တွေ့လက်ရတာထက် စိတ်ကူးနဲ့ စမ်းသပ်ရတဲ့ကြိုက်တဲ့ အိုင်းစတိုင်းဖို့ ဒီဆရာနဲ့လည်း
အစေးမကပ်ပါ။ နောက်ဆုံးတစ်ယောက်ကတော့ သင်္ချာရူပဗေဒဆရာ မင်နော့စကီး။ သူက ဒိုင်မင်းရှင်း
၄ ခုမြောက် ဟင်းလင်းပြင်အချိန် အယူအဆကို ပထမဆုံး မိတ်ဆက်တဲ့ဆရာ။ သူက အိုင်းစတိုင်းကို
ခွေးပျင်းလို့ ခေါ်တယ်။ ပညာကို လေးစားသော်လည်း ဒီဆရာ့အတန်းဆို ရှောင်ခဲ့ပါတယ်။
နောက်တော့ ၁၉၀၀
ပြည့်နှစ်မှာ ဥပစာတန်းအောင်ပြီး အပူနဲ့ပက်သက်တဲ့စာတမ်းတစ်စောင် ရေးတင်နိုင်ခဲ့လို့
ရူပဗေဒဘွဲ့ရပါတယ်။ ဆရာတွေရဲ့ လက်ထောက် အလုပ်တွေကို လျှောက်ခဲ့ပေမဲ့ ဆရာတွေ အမြင်မကြည်ကြလို့
မရခဲ့ပါ။ သင်္ချာဌာနကဆိုရင် သိတောင် မသိလို့ သူ့ကိုအလုပ်မခန့်ပါ။ တစ်နှစ်ပြန်တက်ရမယ့်
မီလီဗာနဲ့ သူတို့ အတွဲဟာ ဇူးရစ်မှာ ရောက်နေပြီ။ ဘွဲ့ရအလုက်လက်မဲ့မို့ နေဖို့ထိုင်ဖို့စားသောက်ဖို့
သူက သင်္ချာ ကျူရှင်ဆရာအလုပ်ကို လုပ်ရပါတော့တယ်။
ဂျာမနီနိုင်ငံသားလည်း
မဟုတ်တော့။ ဆွစ်ဇလန်နိုင်ငံသားလည်း မဟုတ်သေးတဲ့ အိုင်းစတိုင်းဟာ နိုင်ငံမဲ့ ဖြစ်နေပြီး
အလုပ်ရှာရခက်နေတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါပေမဲ့ ကံကောင်းစွာပဲ ၁၉၀၁ မှာ နိုင်ငံသား
ဖြစ်ခင့်ရခဲ့တယ်။ နိုင်ငံသားဖြစ်ခွင့်ရပြီး ခဏအကြာမှာ မိဘတွေက အိုင်းစတိုင်းကို မီလန်မှာ
ပြန်နေဖို့ ခေါ်လိုက်ပါတယ်။ အဲ့လိုနဲ့ အိုင်းစတိုင်း မီလန်ကို ရောက်သွားတယ်။ မီလန်ကနေတော့
မီလီဗာနဲ့ စာရေးပြီး အဆက်အသွယ် ရှိနေကြသေးတယ်။
နိုင်ငံသားလည်း
မဖြစ်ခင် မီလန်မရောက်ခင် မီလီဗာနဲ့ အတူနေတုန်းက အိုင်းစတိုင်းက သူ့ရဲ့ ပထမဆုံး စာတမ်းဖြစ်တဲ့
ဆံချည်မျှင်ကြောသက်ရောက်မှုကို မီလီဗာနဲ့ တွဲရေးခဲ့ပါသေးတယ်။ ဒီစာတမ်းကို အိုင်းစတိုင်းက
"ငါတို့" စာတမ်းလို့ သုံးနှုန်းခဲ့လောက်အောင် မီလီဗာက ကူညီပေးခဲ့တာပါ။ ပညာရပ်ဆိုင်ရာ
ဂျာနယ်တစ်ခုမှာ ပါလောက်အောင် ရူပဗေဒအမြင်အရ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သို့သော် ဒီစာတမ်းနဲ့
တွဲပြီး အလုပ်လျှောက်တဲ့အခါ တစ်ခုမှ မရပါ။ ကံကောင်းစွာပဲ သူငယ်ချင်း ဂရော့စ်မင်းရဲ့
စောင်မမှုနဲ့ စာသင်ဆရာ အလုပ်ကိုတော့ ရခဲ့ပါတယ်။
အိုင်းစတိုင်းက
ဒေါက်တာဘွဲ့မရခင်မှာကတည်းက ပညာရပ်နဲ့ ပက်သက်လို့ စွာခဲ့ပါတယ်။ အီလက်ထရွန် သီအိုရီကို
ထုတ်တဲ့ ဒရုဒ်တို့ စာရင်းအင်းရူပဗေဒ ပညာရှင် ဘို့ဇ်မင်းတို့ကို ပုံနှိပ်ဝေဖန်ခဲ့တာပါ။
ဒါကြောင့် သူ့ရဲ့ ဒေါက်တာဘွဲ့အတွက် ကျောင်းလျှောက်တဲ့အခါ ဇူးရစ်တက္ကသိုလ်က အချိန်ဆိုင်းခဲ့ပါတယ်။
ဇူးရစ်က ပါမောက္ခတီးလ်နားက အိုင်းစတိုင်းကို လုပ်အားပေး ဆရာကနေတောင် ဖြုတ်ချခဲ့ပါတယ်။
မီလီဗာက ကိုယ်ဝန်ရနေပါပြီ။
မီလီဗာက ပူတလှည့် ညူတလှည့်နဲ့ အလုပ်ကမရေရာတဲ့ အိုင်းစတိုင်းဖို့ စိတ်ညစ်ရတဲ့ ကာလတွေပါ။
နောက်တော့ မီလီဗာက ကလေးမွေးဖို့ဆိုပြီး မိဘများအိမ် ပြန်သွားခဲ့ပါတယ်။ အိုင်းစတိုင်းက
စာထဲကနေပဲ မီလီဗာ့ကို တစ်ချိန်လုံး အားပေးနေခဲ့ရပါတယ်။ အိုင်းစတိုင်းက ဒီကြားထဲ ရွာကျောင်းတစ်ကျောင်းမှာ
ကျူတာဆရာလုပ်ခဲ့တဲ့အပြင် ပရိုက်ဘိတ် စာပြဆရာလည်း လုပ်ခဲ့ရပါသေးတယ်။ နောက်တော့ ဂရော့စ်မင်းရဲ့
အကူအညီနဲ့ ဘန်းမြို့မှာ အစိုးရ စစ်ဆေးရေးအရာရှိရာထူးကို ရခဲ့ပါတယ်။ ၁၉၀၂ ဇန်နဝါရီမှာ
ဘန်းစ်ကိုပြောင်းပြီး သိပ်မကြာ မီလီဗာက သူ့မိဘများအိမ်မှာ သမီးဦးလေး လီဆာကို မွေးတယ်။
ဘန်းမှာ တိုက်ခန်းအမြန်ရှာပြီး ခေါ်သော်လည်း လက်မထပ်ရသေးခင် မသင့်တော်ဆိုပြီး မီလီဗာက
ခဏသာ နေသွားပါတယ်။ ဇူးရစ်ကို မီလီဗာ လက်ထပ်ပြီး လာနေတော့ လီဆာမပါတော့ပါ။ နောက်တော့
လီဆာ့ကို သူများပေးပစ်လိုက်တာလို့လည်း သတင်းတွေထွက်ခဲ့သလို အဖျားရောဂါကြောင့် တိမ်းပါးသွားတယ်လို့လည်း
ကြားခဲ့ရပါတယ်။ နောက်ပိုင်း အိုင်းစတိုင်းက လီဆာနဲ့ ပက်သက်လို့ ဘာမှတော့ များများ မပြောလိုပါ။
အိုင်းစတိုင်းက
ဘန်းမှာ အလုပ်ရတာ ခပ်ကောင်းကောင်းပါ။ သူ့အနေနဲ့ ဒီရုံးမှာ ၇ နှစ်တိတိ လုပ်ခဲ့ပြီး အများကြီးလည်း
တွေ့ရှိချက်တွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဝါသနာပါတာလည်း လုပ်ခွင့်ရ။ ဝမ်းလည်းဝပါတယ်။
ဒီကြားထဲ ရူပဗေဒ ကျူရှင်သင်တယ်ဆိုပြီး ကြေညာခဲ့သေးတယ်။ ဒါပေမဲ့ ဆိုလိုမင်းဆိုတဲ့ ဖလော်ဆော်ဖီသမားက
လာငှားတော့ ပိုက်ဆံမယူဖြစ်ဘဲ ဆွေးနွေးဖက်တွေ ဖြစ်ကုန်တယ်။ နောက်တော့ ဘဏ်သူဌေးသား ဟာ့ဘ်စ်ပါပါလာပြီး
အိုလံပီယာအကယ်ဒမီလို့ နာမည်ပေးရတဲ့ ၃ ယောက် အဖွဲ့လေး ဖြစ်သွားတယ်။ ဒီအဖွဲ့လေးရဲ့ ဆွေးနွေးချက်တွေဟာ
နောက်ပိုင်း သူ့အတွက် ရလေတစ်ဗတီကို တွေးတဲ့အခါ အထောက်အပံ့အများကြီး ဖြစ်ခဲ့တယ်။
ငယ်တုန်းကတည်းက
ကန့်ကို အကြိုက်ကြီး ကြိုက်ခဲ့တဲ့ အိုင်းစတိုင်းက ကန့်အကြောင်း အမြဲ ဆွေးနွေးတယ်။ ဆင်ခြင်နည်းနဲ့
အမှန်တရားကို ချဉ်းကပ်ခြင်း၊ အာရုံ ခံစားခြင်းနဲ့ ချဉ်းကပ်ခြင်း ၂ ခုကို အိုင်းစတိုင်းတို့
ဆွေးနွေးခဲ့ကြတယ်။ ကန့်ရဲ့ အမြင်အရ အဖြစ်အပျက် ဆိုတဲ့ ကိစ္စ ၂ ခုမှာ ကြောင်းကျိုးဆက်နွယ်မှုရှိတယ်။
သို့သော် အဲ့ဒီ ကြောင်းကျိုးဆက်နွယ်မှုက အာရုံခံစားခြင်း (အလွယ် sense တွေ) ကြောင့်
မဟုတ်ဘူး။ စိတ်ထဲမှာရှိနေတဲ့ ပုံစံတွေကြောင့်ပဲလို့ ဆိုတယ်။ ဆိုလိုတာက ဝတ္ထုတွေ နေရာယူတဲ့
အာကာသနဲ့ကာလဆိုတဲ့ သဘော ၂ ခုဟာ စိတ်ထဲမှာ ဖြစ်နေတဲ့ သဘော။ ဒီသဘောတရားတွေကို အိုင်းစတိုင်းက
သူ့ရဲ့ ရလေတစ်ဗတီမှာ အခြေခံတွေးခဲ့တယ်။ " ရူပဗေဒပညာရှင် မဖြစ်ခင် ဒဿနဗေဒသမား ဖြစ်ခဲ့တယ်
" ဆိုတဲ့ အဆိုအတိုင်းပေါ့။
( အိုင်းစတိုင်းရဲ့
ဒဿနဗေဒဆိုင်ရာအမြင်တွေကို ဆိုင်ရာ အခန်းတွေမှာ မကျဉ်းမကျယ် ဆွေးနွေးသွားပါမယ်။ )
၁၉၀၂ အောက်တိုဘာမှာ
အိုင်းစတိုင်း မီလန်ကို ပြန်လာရတယ်။ ဖခင်ဖြစ်သူ ဟာမန်းက အသည်းအသန် ဖြစ်နေပြီ။ တစ်ယောက်တည်း
သေချင်တယ်ဆိုပြီး အဲလ်ဘတ်တို့ကို အခန်းထဲက ထွက်သွားခိုင်းတယ်။ ဟာမန်းြ မသေခင်မှာ သားအိုင်းစတိုင်းအတွက်
ပြဿနာကြီး တစ်ခုကိုလည်း တစ်ခါတည်း ဖြေရှင်းပေးသွားတယ်။ မီလီဗာနဲ့ ခွင့်ပြုကြောင်း သဘောတူတဲ့စာပဲ။
၁၉၀၃ ဇန်နဝါရီလ
၆ ရက်နေ့။ ဘန်းမြို့က ရုံးမှာ အခမ်းအနားလေး တစ်ခုလုပ်ပြီး လက်ထပ်ကြတယ်။ ၂ ဖက် မိဘတွေ
မပါ။ သူငယ်ချင်းတွေပဲပါတယ်။ ဆိုလိုမင်းနဲ့ ဟာဘစ်တို့က သက်သေလိုက်ပေးတယ်။ ညနေမှာ ညစာအတူစားလိုက်ကြတယ်။
လက်ထပ်ပွဲကတော့ ဒီလောက်ပဲ။ သမီးဦး လီဆာလည်း သူတို့ လက်ထပ်ပြီး ၁၉ လ အကြာမှာ အပြင်းဖျားတယ်။
နောက်တော့ ဘာဆက်ဖြစ်မှန်း မသိကြတော့။
သမီးဦးလေးကို
ဆုံးရှုံးရပေမဲ့ ၁၉၀၄ မေ ၁၄ မှာ သားကြီး ဟန်းစ်အဲလ်ဘတ်အိုင်းစတိုင်းကို မွေးတယ်။ ဟန်းစ်ကို
ငယ်ငယ်တုန်းက ဆော့ဖို့ အရုပ်တွေ အဲလ်ဘတ် ကိုယ်တိုင် လုပ်ပေးခဲ့တယ်လို့ သိရတယ်။ ဟန်းစ်မွေးလို့ပဲ
သားအချစ် မြေးအနှစ်ဆိုတာနဲ့ အညီ မီလီဗာ့ အဖေက လိုက်ချလာပြီး သတို့သမီးကြေးအဖြစ် ဖရန့်
၁ သိန်း ပေးတယ်တဲ့။
၁၉၀၄ နှစ်အကုန်
၁၉၀၅ အရောက် မတ်လလောက်ကတည်းက အိုင်းစတိုင်းဟာ စာတမ်းတွေ တစ်စောင်ပြီး တစ်စောင်ရေးတယ်။
ဒေါက်တာဘွဲ့ယူဖို့ ဖြစ်မယ့် ဘရောင်းရွေ့လျားမှုနဲ့ဆိုင်တဲ့ စာတမ်း၊ နိုဘယ်ဆုရမယ့် ဖိုတွန်လျှပ်စစ်
သက်ရောက်မှုနဲ့ အကျော်ကြားဆုံး အလုပ်ဖြစ်လာစေမယ့် ရလေတစ်ဗတီတွေကို ဒီနှစ်မှာ စခဲ့တယ်။
၁၉၀၅ ကို ဒါကြောင့် အိုင်းစတိုင်းရဲ့ miracle year နှစ်ထူးနှစ်ဆန်းလို့ နာမည်ပေးခဲ့ကြတာပဲ။



إرسال تعليق